နာမည်ကျော် ကိုရီးယားအနုပညာရှင် စုံတွဲတတွဲဖြစ်တဲ့ HyunA နဲ့ ချစ်သူ E’Dawn တို့ဟာ Psy မကြာသေးခင်ကပဲ တည်ထောင်လိုက်တဲ့ ဂီတကုမ္ပဏီဖြစ်တဲ့ P Nation နဲ့ လက်မှတ်ရေးထိုးလိုက်ပြီလို့ ဇန်နဝါရီ ၂၇ ရက်မှာပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။
Psy ရဲ့ Instagram မှာ တင်ခဲ့တဲ့အချက်အလက်တွေအရ Cube ဖျော်ဖြေရေး ကုမ္ပဏီရဲ့ အနုပညာရှင်ဟောင်းနှစ်ယောက်ဖြစ်တဲ့ HyunA တို့စုံတွဲဟာ “Gangnam Style” သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အဆိုတော် Psy ရဲ့ ကုမ္ပဏီရဲ့ လက်တွဲလိုက်တာလည်း ဖြစ်ပါတယ်။
HyunA နဲ့ E’Dawn တို့ဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့အပြီးမှာ ပြီးခဲ့တဲ့နှစ်မှာပဲ Cube ကုမ္ပဏီကနေ နှုတ်ထွက်ခဲ့တာပါ။ JYP ကုမ္ပဏီရဲ့အောက်မှာပဲ “Wonder Girls” အဖွဲ့နဲ့ ၂၀၀၇ ခုနှစ်တုန်းက ပွဲဦးထွက်ခဲ့တဲ့ HyunA ဟာ ၂၀၀၉ ခုနှစ်မှာ 4Minute အဖွဲ့ဝင်တဦးအနေနဲ့ ပါဝင်လာခဲ့ပါတယ်။
အဲဒီ့နောက် “Bubble Pop” ၊“Ice Cream” နဲ့“Red” တို့လိုမျိုး သီချင်းတွေ အပါအဝင် နာမည်ကျော်သီချင်းတွေနဲ့ တကိုယ်တော် ပွဲဦးထွက်ခဲ့ပါတယ်။ အဲဒီ့နောက် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကျော် “Gangnam Style” သီချင်းမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့မှာပဲ YG ဖျော်ဖြေရေးကုမ္ပဏီနဲ့ လမ်းခွဲခဲ့တာ ၈ လလောက်အကြာမှာပဲ Psy ဟာ သူရဲ့ သက်တမ်း ၁၉ နှစ်ကြာခဲ့ပြီဖြစ်တဲ့ ထုတ်လုပ်သူ၊ မန်နေဂျာနဲ့ စီစဉ်သူအဖြစ် အတွေ့အကြုံတွေကို မျှဝေဖို့အတွက် P Nation ကုမ္ပဏီကို ထူထောင်လိုက်တာဖြစ်ပါတယ်။
စိတ်အားထက်သန်တဲ့ အနုပညာရှင် မျိုးဆက်အသစ်တွေအတွက် မြေတောင်မြောက်ပေးမယ့် နေရာတခုကို ဖန်တီးပေးချင်တယ်လို့လည်း ဆိုပါတယ်။ နာမည်ကျော် အမျိုးသမီး Rap အဆိုတော် တယောက်ဖြစ်တဲ့ Jessi ဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ P Nation နဲ့ လက်တွဲခဲ့ပါတယ်။
Ref: koreaherald
The post Psy ရဲ့ ကုမ္ပဏီနဲ့ လက်မှတ်ထိုးလိုက်တဲ့ HyunA တို့ စုံတွဲ appeared first on ဧရာဝတီ.