ဗီဒိယိုလောက ပျက်ပြီးတဲ့နောက် တခြားသော မင်းသားမင်းသမီးများထက် ဇာတ်ပို့အလွှာမှ သရုပ်ဆောင်များမှ စီးပွားရေးများကျပ်တည်း လာခဲ့ကြပြီး အဲဒီထဲမှ ဇာတ်ပို့သရုပ်ဆောင်တယောက်ဖြစ်တဲ့ အိတုံကတော့ အွန်လိုင်းမှာ Live လွှတ်ပြီး အိတ်တွေရောင်းချနေတယ်လို့ ပြောပါတယ်။
“ကားရိုက်တွေပါးတဲ့အချိန်မှာ Facebook Live ကနေအိတ်ရောင်းတဲ့ စီးပွားရေးလေးလုပ်နေတယ်။ အခုက အဲဒါလေးတွေ ခေတ်စားနေတယ်လေ။ လေလံပေးတာတို့ မဲနှိုက်တာတို့ဆိုတာတွေက မကျွမ်းကျင်တဲ့အတွက် Live နဲ့ ရောင်းနေတယ်။ ဆိုင်ခန်းခလည်းမကုန်ဘူး။ အလုပ်သမားခလည်းမကုန်ဘူး။ ကိုယ်ပဲအလုပ်သမား၊ ကိုယ်ပဲဆိုင်ရှင်” လို့ အိတုံက ပြောပါတယ်။
အိတ်များစတင်ရောင်းချနေတာကတော့ တလလောက်သာရှိနေသေးပေမယ့် တချို့သောဝယ်သူများက သရုပ်ဆောင်တယောက်မှန်းသိကာ ဝယ်ယူအားပေးကြပြီး တချို့ကတော့ အိတ်တွေကိုနှစ်သက်လို့ ဝယ်ယူအားပေး ကြတယ်လို့ ပြောပါတယ်။
“မကြာသေးဘူး။ စလုပ်တာ ၁လလောက်ပဲရှိသေးတယ်။ အဆင်ပြေတယ်။ ရောင်းရတယ်။ တချို့တွေကျတော့လည်း ဇာတ်ပို့ရောင်းနေတာဆိုပြီး အားပေးကြတယ်။ တချို့ကျတော့လည်း တကယ်ချစ်လို့အားပေးကြတယ်။ တချို့ကျတော့ အိတ်ကလေးတွေကြိုက်လို့ အားပေးကြတယ်။” လို့ အိတုံက ပြောပါတယ်။
အိတုံကတော့ ကလေးမွေးဖွားနေပြီးတဲ့အချိန်မှာတော့ ခန္ဓာကိုယ်ဟာ အရမ်းဝလာခဲ့ပြီး တချို့က မမှတ်မိတာမျိုးတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ကိုယ့်ခန္ဓာကိုယ်ကိုလည်း မထိန်းဘူး။ ကျမကအရမ်းစားတယ်။ ကျမတို့ဆရာတွေကလည်း ဝတဲ့သူတွေက ရှားတယ်တဲ့။ ကျမက ကလေးမွေးပြီးကတည်းက ခန္ဓာကိုယ်ကို မထိန်းတော့ဘူး။ သူများတွေ အစားတွေလျော့စား အားကစားတွေလုပ်နေတဲ့အချိန်မှာ အားကစားလည်းမလုပ်ဘူး။ အသားကုန်စားတယ်။ ကြောက်ဖို့ကောင်းတယ်။ စားတာ။ ဒီထက့်ဝဖို့ပဲရှိတယ်”
“ ကျမကအရင်က ပိန်ပိန်လေးလေ။ အခုက ၃ပြန် ၄ပြန်လောက်ဝသွားပြီ။ တချို့က မအိတုံလား။ မအိတုံလားဆိုပြီး အသံထွက်မှ အိတုံမှန်းမှတ်မိတယ်” လို့ အိတုံက ပြောပါတယ်။
အိတုံကတော့ ကားရိုက်ပါးတဲ့အချိန်များမှာ ခင်မင်သူတွေက ဖိတ်ခေါ်မှုများကြောင့် နယ်ပွဲများမှာ သီချင်းသီဆိုတာ တွေရှိတယ်လို့ ပြောပါတယ်။
“ကားရိုက်ကတော့ အခုပါးတယ်။ အရင်တုန်းကဆိုရင် ၂ကား ၃ကားဆက်တိုက်တို့ မနားရဘူး။ အခုကကျတော့ ကားရိုက်ကနည်းနည်းပါးတယ်။ သီချင်းဆိုနေတယ်ဆိုတာကလည်း ကျွမ်းကျင်လို့မဟုတ်ပါဘူး။ ပွဲတွေဘာတွေ ဆိုလက်ခံတဲ့သဘောပါ။ ကိုယ်ခင်တဲ့သူတွေကို ဆိုပေးတာပါ” လို့ အိတုံကပြောပါတယ်။
အိတုံကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။
The post ကားရိုက်နည်းလာတာကြောင့် အွန်လိုင်းကနေ အိတ်တွေရောင်းနေတဲ့ သရုပ်ဆောင်အိတုံ appeared first on ဧရာဝတီ.