ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင်က သူ့ရဲ့ ပထမဆုံးနယ်လှည့် တကိုယ်တော် ဖျော်ဖြေပွဲမှာ ဝတ်ဆက်ခဲ့တဲ့ အထင်ကရ အနက်ရောင် “Bad” ဂျာကင်ကို နိုဝင်ဘာလ ၁၂ ရက်နေ့နှောင်းပိုင်းက နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲတခုအတွင်းမှာ ဒေါ်လာ ၂၉၈၀၀၀ နဲ့ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလေလံပွဲမှာ ဂီတအကျော်အမော်တွေဖြစ်တဲ့ Prince, Madonna, John Lennon နဲ့ အခြားပုဂ္ဂိုလ်တွေရဲ့ ပစ္စည်းတွေကိုလည်း လေလံပစ်ခဲ့တယ်လို့ ဆိုပါတယ်။
Julien’s Auctions လေလံဌာနဟာ နောက်ကျောမှာ မိုက်ကယ်ဂျက်ဆင်ကိုယ်တိုင် ငွေရောင်မင်နဲ့ လက်မှတ် ထိုးထားတဲ့ ဂျာကင်အင်္ကျီကို မူရင်းကြမ်းခင်းဈေး ဒေါ်လာ ၁ သိန်းနဲ့ ဈေးစဖွင့်ခဲ့တာဖြစ်ပြီး အဲဒီ့ အင်္ကျီကို မိုက်ကယ်က ၁၉၈၇-၉၈ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ “Bad” ကမ္ဘာလှည့်ဖျော်ဖြေပွဲ တလျှောက် ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါဟာ ကွယ်လွန်သူ အဆိုတော် မိုက်ကယ်ရဲ့ နောက်ဆုံးရောင်းချခဲ့ရတဲ့ အမှတ်တရ ဝတ်စုံဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းကလည်း “Thriller” ဂီတဗီဒီယိုမှာ ဝတ်ဆင်ခဲ့တဲ့ ဂျာကင်ကိုလည်း လေလံပွဲတခုမှာ ဒေါ်လာ ၁ ဒဿမ ၈ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
မိုက်ကယ်ဟာ ၂၀၀၉ ခုနှစ်တုန်းက အိပ်ပျော်စေရန် အသုံးပြုသော မတော်တဆ ဆေးလွန်ကဲမှုကြောင့် အသက် ၅၀ အရွယ်မှာပဲ လော့စ်အင်ဂျလိစ်မြို့မှာ ရုတ်တရက် ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း ကျန်ရှိတဲ့ ပိုင်ဆိုင်ပစ္စည်းတွေထဲမှာ စုဆောင်းထားသင့်တဲ့ပစ္စည်းတွေ အများဆုံး ကျန်ရှိခဲ့တဲ့ အနုပညာရှင် တဦးလည်း ဖြစ်ပါတယ်။
စုဆောင်းထားတဲ့ Rock N’ Roll အမှတ်တရပစ္စည်း ၁၀၀ ပိုင်ဆိုင်ထားတဲ့ တက္ကဆက် စီးပွားရေးသမားနဲ့ ပရဟိတသမားကြီး Milton Verret က အဲဒီ “Bad” ဂျာကင်ကို လေလံပစ်ဝယ် ယူသွားခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၀ ရက်နှောင်းပိုင်းကနေစလို့ ၂ ရက်ကြာ ပြုလုပ်နေတဲ့ လေလံပွဲမှာ Bob Dylan, Paul McCartney, Eric Clapton နဲ့ U2 အဖွဲ့ဝင် The Edge နဲ့ Bono တို့တီးခတ်ခဲ့တဲ့ လျှပ်စစ်ဂီတာတွေကိုလည်း လေလံပစ်ခဲ့ပါတယ်။
အခုလေလံပွဲကနေ ရရှိတဲ့ ငွေကြေးတစိတ်တပိုင်းကို ဂီတပညာရှင်များအတွက် ကျန်းမာရေး နှင့် အခြားဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေတဲ့ ဂရမ်မီဆုပေးပွဲစီစဉ်သူနဲ့ အသံသွင်း အကယ်ဒမီတို့က ဖွဲ့စည်းထားတဲ့ MusicCares ပရဟိတအဖွဲ့ကို လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။
Ref:Reuters
The post လေလံပွဲမှာ ဒေါ်လာ ၃ သိန်းနီးပါးနဲ့ ရောင်းချခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ “Bad” ဂျာကင် appeared first on ဧရာဝတီ.