Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာ ဖြတ်သန်းမှု နှစ် ၃၀ ခရီးထဲက ပန်းချီ စိုးစိုး (လပွတ္တာ) ရဲ့ ကိုယ်ပိုင်ဟန်ဖန်တီးမှု အကြောင်း

$
0
0
ပန်းချီစိုးစိုး (လပွတ္တာ) ရဲ့ ပန်းချီကားများ ပန်းချီစိုးစိုး (လပွတ္တာ) ရဲ့ ပန်းချီကားများ

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မဟာစည် သာသနာ့ ရိပ်သာလမ်း၊ အမှတ် ၈၁ (စီ) ရှိ ၀ါဆိုအနုပညာ ပြခန်းထဲ ၀င်လိုက် တာနဲ့ ပြခန်း ဧည့်ခန်းမှာ ပန်းချီဆရာ စိုးစိုး (လပွတ္တာ) ရဲ့ပန်းချီကားတွေ ချိတ်ဆွဲ ပြသထားတာ တွေ့ရပါတယ်။ စိုးစိုးရဲ့ အစောပိုင်းကာလက ရေးဆွဲခဲ့တဲ့ Realism အခြေပြု ပန်းချီကားတွေ ပါဝင်သလို သူ့ရဲ့ နောက်ပိုင်း အကျဆုံး ပန်းချီရေးဆွဲဟန် ပန်းချီကားတွေလည်း ပါဝင်ပါတယ်။

အဲဒီ နောက်ပိုင်း အကျဆုံး ပန်းချီ ရေးဆွဲပုံ နည်းစနစ်က သူ အမှတ်တမဲ့ တွေ့ရှိခဲ့တဲ့ နည်းစနစ်လို့ ပြောပါတယ်။

`ကျနော် ထင်တယ်၊ ၂၀၀၃/၄ လောက်က ဖြစ်မယ်ဗျ၊ တီဗွီအစီအစဉ် တခုမှာ မွေးနေ့ကိတ်မုန့်အပေါ် ခရင်မ် (Cream) ရောင်စုံတွေ ညှစ်ချတာကို တွေ့မိပြီး အဲဒီကနေ ပန်းချီကားပေါ်မှာ ပန်းချီဆေးတွေ ညှစ်ချ ဖန်တီးရင် ဖြစ်မလား ဆိုတာ တွေးမိသွားတယ်။ ဒါနဲ့ ကျနော် စမ်းသပ်ရေးဆွဲကြည့်ရင်း နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဒီနည်းစနစ်ကို ရလာပြီး ဆက်လက် ဖန်တီးဖြစ်သွားတယ် ဆိုပါတော့ဗျာ။ တခါတလေ ဘာမှ မဆိုင်ဘူး ထင်ရပေမယ့် တွဲယူ စပ်ယူ ဖန်တီးယူ နိုင်မယ် ဆိုရင် နည်းစနစ်တမျိုး ဖြစ်လာနိုင်တယ် ဆိုတာ တွေ့ရတယ်´ လို့ ပြောပါတယ်။

သူ့ရဲ့ ပန်းချီကားတွေက Landscape ရှုခင်းပန်းချီကား အများစုပါ။ သို့ပေမယ့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တွေမှာ တွေ့ရတဲ့ တောင်စဉ်ဆင့်တွေ၊ တောင်ပေါ်စိုက်ခင်းတွေ ဖြစ်နေတာ ဆိုတာတွေ့ရပါတယ်။ Foreground မှာ ချယ်ရီပင်လို၊ ငုပန်းပင်လို၊ စိန်ပန်းပင်လို တပင်လုံး တကိုင်းလုံး ပွင့်နေတတ်တဲ့ အပင်တွေ အပွင့်တွေကို အသေးစိတ် ဆေးညှစ်ဖန်တီး ရေးဆွဲထားပြီး Mid-ground မှာတော့ တောင်ပေါ် စိုက်ခင်းရဲ့ နီးဝေး Perspective ကို ဆေးညှစ် ဖန်တီး တင်ပြထားပါတယ်။ ပန်းချီကားရဲ့ Background ကိုတော့ အရောင်ဖျော့ဖျော့ မှိန်မှိန်တွေနဲ့ ပိုဝေးတဲ့ အနေအထား ဖြစ်အောင် ရသမြောက်မြောက် ဖန်တီး တင်ပြထားတာတွေ့ရပါတယ်။

`ကျနော်က မကြာခဏ ဆိုသလို ခရီးထွက်လေ့ ရှိပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်ပေါ့။ အဲဒီမှာ ရောက်တဲ့ နေရာတိုင်းမှာ ပုံကြမ်း (Sketch) တွေရေးတယ်။ ကျနော်တွေ့ရတဲ့ ရှုခင်းမြင်ကွင်းရဲ့ အရောင်တွေကို မှတ်တယ်၊ တခါတလေ ဓာတ်ပုံရိုက်ယူတယ်၊ နောက် ကျနော် စတူဒီယိုထဲမှာ ပန်းချီကားရေးတော့ အဲဒါတွေကို အခြေခံပြီး ရေးဆွဲတယ်၊ ဒါပေမယ့် တကယ်ရေးတဲ့ အခါကျတော့ ကျနော့် စိတ်မှာ ဖြစ်လာတဲ့ အရောင်တွေလည်း ဖြစ်သွား တတ်ပါတယ်။ သဘာဝကို အခြေခံတယ် ဆိုပေမယ့် အဲဒီ အချိန်မှာတော့ ခံစားမှုက ဦးစီးတယ်လို့ ပြောလို့ရမယ် ထင်ပါတယ်´ လို့ အသက် ၄၈ အရွယ် ပန်းချီဆရာ စိုးစိုးက ပြောပြပါတယ်။

ပန်းချီစိုးစိုး (လပွတ္တာ) ကို ၁၉၆၇ ခုနှစ်မှာ လပွတ္တာမြို့မှာ မိဘများ ဖြစ်ကြတဲ့ ဦးသိန်းအောင် ဒေါ်သန်းသန်းတို့က မွေးဖွားပါတယ်။ သူ့ရဲ့ ဖခင်က စန္ဒယား ဆရာတဦး ဖြစ်ပြီး မိခင်ဖြစ်သူက အက ဆရာမတဦးလို့ သိရပါတယ်။ ဒါကြောင့် အနုပညာ ဖန်တီးမှု တင်ဆက်မှုနဲ့ ငယ်ရွယ်စဉ် ကတည်းက ရင်းနှီးလာတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို ရင်းနှီး ဆက်စပ်မှုက သူ့အတွက် ဘယ်လို ပေါင်းဆင့် ဖန်တီး တင်ပြရမယ် ဆိုတာကိုလည်း သိမြင်လာစေတာ ဖြစ်တယ်လို့ ဆိုရမှာပါ။

သူဟာ ၁၉၈၅ ခုနှစ် ကတည်းက ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲလာခဲ့သူပါ။ သူ့လက်ရာတွေကို လေ့လာရင် အစောပိုင်းမှာ Realism အခြေပြု ရေးဆွဲနည်းကို သုံးစွဲ ဖန်တီးခဲ့ပြီး Expression ဆန်သည့်ဖန်တီးမှုများ၊ တချို့ ပန်းချီကားများမှာ Hyper Realism ဆန်သည့် ပန်းချီ ရေးဆွဲမှုကို တွေ့ရသည်။ အခုဆိုရင် သူ့ရဲ့ ပန်းချီခရီး ဖြတ်သန်းမှု ၃၀ ပြည့်မြောက် ခဲ့ပါပြီ။ အဲဒီ ပန်းချီဖြတ်သန်းမှု အထိမ်းအမှတ် အဖြစ် 30th Anniversary of Art Journey တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်ဂယ်လာရီမှာ ဧပြီ ၄ ကနေ ၁၀ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပန်းချီကား ၂၂ ကား ပြသခဲ့ပါတယ်။

`ကျနော့်ရဲ့ ပန်းချီပြပွဲ လုပ်ဖြစ်တာက ကိုဖိုးသားတို့ မထိုက်ထိုက်တို့ ကျေးဇူးကြောင့်လို့ ပြောလို့ရတယ်။ သူတို့ စိတ်ဝင်စားတာနဲ့ ပြဖြစ်သွားတာ။ မြန်မာနိုင်ငံမှာ ကျနော့် ပန်းချီပြပွဲ မရှိသလောက် နည်းပါးပါတယ်။ တခြား အာရှနိုင်ငံ တချို့နဲ့ ဥရောပ နိုင်ငံ တချို့မှာ ပြပွဲ လုပ်ဖြစ်တာ များတယ်။ ကျနော် ကျေနပ်မိတာက ကျနော့် ပန်းချီကားတွေကို အများပြည်သူ ကြည့်ရှုခွင့်ရတာပဲ။ တခြား ပန်းချီပြပွဲတွေက အနုပညာ အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်အများစုပဲ လာရောက် ကြတယ်။ အဲဒီမှာတော့ ပြည်သူ အများ လာရောက်ကြည့်ရှုကြတယ်။ အဲဒီ အတွက် ကျေနပ်ရပါတယ်´ လို့ သူက ပြောပြပါတယ်။

သူဟာ နိုင်ငံတကာ အနုပညာနယ်ပယ်ထဲကို တိုးဝင်ခြေချနိုင်ဖို့ ကြိုးစားနေတဲ့ Artist တဦး ဖြစ်သလို နိုင်ငံတကာ အတွေ့အကြုံ ရှိသူလည်း ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းနဲ့ ဖန်တီးမှု ဘာကွာလဲ၊ ဈေးကွက် ကွာခြားမှု ဘယ်လို ရှိလဲ လို့ သူ့ကို မေးကြည့်ပါတယ်။

`ကျနော် မလေးရှား၊ စင်ကာပူ၊ နီပေါ၊ ဟောင်ကောင် စတဲ့ အရှေ့တိုင်း နိုင်ငံတွေ၊ နောက် အမေရိကန် နယူးယောက်၊ ၀ါရှင်တန်ဒီစီ အပါအ၀င် ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ဘယ်လ်ဂျီယန်၊ အင်္ဂလန် စတဲ့ နိုင်ငံ အတော်များများမှာ ပြပွဲတွေ ပြုလုပ်နိုင်ခဲ့ သလို အနုပညာ လေ့လာရေး ခရီးစဉ် အဖြစ်လည်း သွားရောက်ခဲ့ပါတယ်။ ထူးခြားတာက ဥရောပ နိုင်ငံတွေမှာ Abstract တွေပဲ အတွေ့ရများပါတယ်။ ကျနော်တို့ ဆီမှာက Realism အရေးများတာ တွေ့ရတယ်။ ဖန်တီးမှုမှာတော့ နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် ကျနော်တို့ မြန်မာပန်းချီ ဆရာတွေက ကျွမ်းကျင်မှု ပိုကောင်းပိုနိုင်တယ် လို့တောင် ထင်တယ်။ ဘယ်လို ဖန်တီးရေးဆွဲတာပဲ ဖြစ်ဖြစ် အနုပညာ မြောက်ဖို့နဲ့ ကိုယ်ပိုင်ဖန်တီးမှု အသစ် ဖြစ်ဖို့ အရေးကြီးတယ် ဆိုတာ သွားတွေ့တယ်´ လို့ ပြောပါတယ်။

သူ့ရဲ့ ပန်းချီကား တချို့ကို ကူးယူရေးဆွဲခံရတာနဲ့ ပတ်သက်ပြီး `အနုပညာ လက်ရာ ဆိုတာ အတုမရှိ၊ အတူမရှိ ဖြစ်ဖို့ လိုပါတယ်။ ကျနော်တို့ မြန်မာ့ပန်းချီ နိုင်ငံတကာကို ထိုးဖောက်ဝင်ရောက်မယ် ဆိုရင် ကိုယ်ပိုင်ဟန် ကိုယ်ပိုင်တီထွင်မှု ကိုယ်ပိုင် ဖန်တီးမှု ပြည့်ဝပြီး အနုပညာ အားကောင်းကောင်းနဲ့ ၀င်ရောက်ရမှာပါ။ အဲဒီလိုမှ မဟုတ်ရင် ရှေ့ကသွားသူ လည်း ခြေလှမ်းပျက်၊ နောက်က လိုက်ဆွဲသူလည်း ခြေရာမထင်ဘဲ အတုတွေ ပုံတူကူးချတာတွေ ကြောင့် ကျနော်တို့ အနုပညာကို နိုင်ငံတကာက အထင်သေးသွားနိုင်ပါတယ်။ ဒါကြေင့် ကျနော်တို့ဟာ တုပရေးဆွဲတာမျိုး၊ ပုံတူကူးချတာ မျိုး မလုပ်သင့်ပါဘူး။ တုပ ကူးချပြီး နိုင်ငံတကာ အနုပညာ နယ်ပယ်ကို ဘယ်လိုမှ မရောက်နိုင်ပါဘူး´

အနုပညာ သမား တဦး အတွက် ဘယ်လို အချိန်မှာ ကျေနပ်ပျော်ရွှင်မှု အဖြစ်ဆုံးလဲ လို့ သူကို မေးတဲ့ အခါ သူက –

`အနုပညာသမား တဦးအနေနဲ့ ကျေနပ်ပျော်ရွှင်မှု အဖြစ်ရဆုံး အချိန်က ကိုယ့်ရဲ့ ကိုယ်ပိုင် အနုပညာ ရှာဖွေဖန်တီး တင်ပြမှုကို အများပြည်သူက အသိအမှတ်ပြု လက်ခံအားပေး ခံရတဲ့ အချိန်ပါပဲ။ ငွေကြေးနဲ့ မဆိုင်တဲ့ အဲဒီကျေနပ် ပျော်ရွှင်မှုဟာ အောင်မြင်မှုပဲ လို့လည်း ယူဆပါတယ်´ လို့ ပြောပါတယ်။

ဝါဆို အနုပညာပြခန်းက ပြန်ထွက်လာချိန်မှာတော့ ပန်းတွေဟာ သူတို့ အတွက်သာ ပွင့်ဝေကြတာ မဟုတ် ဆိုတဲ့ စကားနဲ့ ဆက်စပ်ပြီး အနုပညာ အကြောင်း ဆင့်ပွားတွေးမိပါတယ်။     ။

The post အနုပညာ ဖြတ်သန်းမှု နှစ် ၃၀ ခရီးထဲက ပန်းချီ စိုးစိုး (လပွတ္တာ) ရဲ့ ကိုယ်ပိုင်ဟန်ဖန်တီးမှု အကြောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ