စာပေဟာ နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာအတွက် အထူးပဲ အရေးကြီးလှပါတယ်။ စာပေဖွံ့ဖြိုးတိုးတက်မှသာ အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှု မြင့်မားမှာဖြစ်သလို စာများများဖတ်တဲ့ သူတွေက အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မှာ ဖြစ်ပါတယ်။ အမှား၊ အမှန်ကို ဝေဖန်ပိုင်ခြားနိုင်မှသာ ကိုယ်ကျင့်တရားကို ကောင်းမွန်အောင် စောင့်ထိန်းနိုင်မှာပါ။
အခုအခါ မြန်မာနိုင်ငံမှာ ရသစာပေအားနည်းနေပြီ၊ လူငယ်တွေ စာသိပ်မဖတ်တော့ဘူး ဆိုတဲ့အသံတွေ ထွက်ပေါ် လာနေပါတယ်။ ဒါပေမယ့် အဲဒီလို ပြောနေမယ့်အစား ရသ စာပေကောင်းလာအောင် ဘယ်လိုလုပ်မလဲ၊ လူငယ်တွေ စာဖတ်ချင် လာအောင် ဘာ တွေ လုပ်သင့်သလဲ စဉ်းစားဖို့ လိုအပ်လာနေပါပြီ။ မတ်လ ၂၈ ရက်ကနေ မတ်လ ၃၀ ရက်အထိ မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ “ဧရာဝတီ စာပေပွဲတော်” က အဖြေတချို့ ပေးစွမ်းနိုင်ခဲ့သလို စာပေဖွံ့ဖြိုး တိုးတက်ရေး အတွက် ကွက်လပ်တချို့ကိုလည်း ဖြည့် ဆည်းပေးနိုင် ခဲ့ပါတယ်။
အခု ကျင်းပတဲ့ “ဧရာဝတီစာပေပွဲတော်” ဟာ တတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး မန္တလေးမြို့မှာ ၂၀၁၄ ခုနှစ်က ကျင်းပ ခဲ့ဖူးတာကြောင့် ဒါဟာ မန္တလေးမြို့အနေနဲ့တော့ ဒုတိယမြောက် ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့ နာယက က ဒေါ်အောင်ဆန်းစုကြည်ပါ။ သူကိုယ်တိုင် မတက်ရောက်နိုင်ပေမယ့် ပွဲတော်အတွက် အဓိက ကူညီပံ့ပိုးပေးခဲ့တာပါ။ ရန်ကုန်မြို့က စာရေးဆရာ အယောက် ၄၀၊ မန္တလေးမြို့က စာရေးဆရာ၊ ကဗျာဆရာ အယောက် ၆၀၊ ကာတွန်းဆရာ ၉ ယောက် ပါဝင်ဆင်နွဲခဲ့ပါတယ်။
ရန်ကုန်မြို့က ရောက်ရှိလာတဲ့ စာရေးဆရာတွေကို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးပြီး မန္တလေးက စာရေးဆရာတွေ အတွက် ဒေါက်တာ အောင်မြင့်နဲ့ ရန်ကုန်က စာရေးဆရာတွေအတွက် ဒေါက်တာ ခင်မောင်ညိုက တာဝန်ယူပေးခဲ့တာပါ။ ထူးခြားချက်က မြန်မာနိုင်ငံက စာရေးဆရာတွေ တင်မကဘဲ နိုင်ငံတကာက စာရေးဆရာတွေပါ အားတက်သရော တက်ရောက်ခဲ့တာ ဝမ်းသာစရာပါ။ အမေရိကန်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ အိုင်ယာလန်၊ အင်္ဂလန်၊ သြစတြေးလျ၊ တောင်အာဖရိက စတဲ့ နိုင်ငံတွေက စာရေးဆရာ အယောက် ၃၀ အထိ တက်ရောက်ခဲ့ပါတယ်။
မန္တလေးရဲ့ နွေဦးရာသီဟာ တမာပင်တွေ၊ ထနောင်းပင်တွေ၊ မန်ကျည်းပင်တွေရဲ့ အလှနဲ့အတူ လှချင်တိုင်းလှ နေတာပါ။ စာပေပွဲတော်ကျင်းပတဲ့ Mandalay Hill Resort ဟိုတယ်ဟာ ကျယ်ဝန်းသလို ဟိုတယ်အပြင်ဘက် ခြံဝင်းထဲမှာ စာအုပ်အရောင်းဆိုင်တွေရှိပြီး ကာတွန်းနဲ့ ပန်းချီကားတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ Conference Center ၊ အလောင်းဘုရားခန်းမ၊ အနော်ရထာ ခန်းမ၊ Ming’s Restaurant နဲ့ Mandalay Marquee တို့မှာ တပြိုင်တည်း စာတမ်းဖတ်တာ၊ စာပေဆွေးနွေးတာတွေ ပြုလုပ်ပါတယ်။
မတ်လ ၂၈ ရက် မနက် ၁၀ နာရီမှာ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တာပါ။ စိတ်ဝင်စားသူတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ ခန်းမမှာ ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေ စာတမ်းဖတ်တာတွေ၊ Panel Discussion တွေကို တက်ရောက် နားထောင်ဖို့ အခွင့်အလမ်း ဖန်တီးပေး ထားပါရဲ့။ မနက် ၁၀ နာရီကနေ ညနေ ၅း၅၀ နာရီအထိ အစီအစဉ်တွေ တောက်လျှောက် ကျင်းပခဲ့ပါတယ်။
မြန်မာစာရေးဆရာတွေ ဖြစ်ကြတဲ့ ဖေမြင့်၊ ကျော်စောမင်း၊ Dr.ခင်မောင်ညို၊ ကြည်နိုင်၊ မောင်သာမည တို့ရဲ့ ဆွေးနွေးချက်နဲ့ စာတမ်း တွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ မန္တလေးရဲ့ အကျော်အမော် စာရေးဆရာတွေ ဖြစ်ကြတဲ့ ၀င်းဝင်းမြင့် (နန်းတော်ရှေ့)၊ သင့်နော်၊ ခင်ခင်ထူး၊ သိုက်ထွန်းသက်၊ ကျော်ရင်မြင့်၊ မနှင်းဆီအောင်၊ ဂျိုဇော်၊ မကို တို့ရဲ့ ဆွေးနွေးမှုတွေကြောင့် စာပေပွဲတော်ဟာ ပိုပြီး လှုပ်ရှားသက်ဝင်လာရပါတယ်။
ပြည်ပက စာရေးဆရာမ Ros Russell က Documenting Real Lives: A Writer’s Challenge ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့သလို Ira Trivedi က Gender and Women ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ Colin Falconer က စိတ်ကူး စိတ်သန်းကနေ ဝတ္တုတပုဒ် ဘယ်လို ဖန်တီးသလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။ သြစတြေးလျ စာရေးဆရာမ Michelle Aung Thin ကတော့ သမိုင်းနောက်ခံ ဝတ္ထု ရေးသားခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့လေရဲ့။
စာကြည့်တိုက်တွေကို မှန်မှန်ကန်ကန် အသုံးပြုဖို့၊ စာကြည့်တိုက်တွေရဲ့ အခန်းကဏ္ဍ ဖွံ့ဖြိုးဖို့လည်း အရေးကြီးပါတယ်။ ဆရာမ ခင်နှင်းဦးက စာကြည့်တိုက်တွေ၊ အထူးသဖြင့် ပြည်သူ့စာကြည့်တိုက်နဲ့ လူထုအခြေပြု စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက လိုအပ်ချက်တွေ၊ ရသစာအုပ်တွေ ဖတ်ရှုမှုနှုန်း ကျဆင်းလာတာ၊ စာအုပ်ရောင်းအား ကျဆင်းလာတာတွေအတွက် အဓိကဖြေရှင်း ရမယ့် အချက်တွေကို “စာကြည့်တိုက်နှင့် ယနေ့မြန်မာစာအုပ်များ” စာတမ်းမှာ ဆွေးနွေးသွားတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆရာ ကျော်စောမင်းက ဆရာမင်းသုဝဏ်ရဲ့ ကဗျာသစ်များကို လေ့လာမိသမျှ ကဗျာ တပုဒ်ချင်းအလိုက် ဆွေးနွေးသွားခဲ့တာပါ။
မန္တလေးက ကဗျာဆရာမ ခရမ်းပြာက ကဗျာတပုဒ်ကို ခံစားချက်နဲ့ပေါင်းစပ်ပြီး ဘယ်လိုဖန်တီးသလဲ၊ ဆရာမ နှင်းဆီအောင်နဲ့ ဆရာမ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) တို့က ရသ၀တ္ထုရှည်တပုဒ်ကို ဘယ်လို ဖန်တီးသလဲ ဆိုတာ ဆွေးနွေးပြီး Moderator အဖြစ် ဒေါက်တာ အောင်ကြီးက ဆောင်ရွက်ခဲ့ပါတယ်။ “မန္တလေး ဝတ္ထုတိုဆရာများရဲ့ ဝတ္ထုတိုတွေထဲက မန္တလေး” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တာကတော့ ဆရာ စိုးဘားဒိုင်ပါ။
မန္တလေးက ကဗျာဆရာတွေရဲ့ ကဗျာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကလည်း ကဗျာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာ ရောက်ပါတယ်။ မန္တလေးလို့ ဆိုလိုက်ရင် ဆရာ ပိုင်စိုးဝေ၊ ဆရာနေမျိုး၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်) တို့ရဲ့ ကဗျာတွေကို ပြေးမြင်ကြမှာပါ။ မျိုးဆက်သစ် ကဗျာဆရာတွေပါ ပေါ်ထွက်နေသလို ကဗျာဆရာ မိုးသျှန်းက “အရာဝတ္ထုတို့နှင့် ကဗျာအသက်ဓာတ်” စာတမ်းကို ဖတ်ကြားခဲ့ရာမှာ ကဗျာဆိုင်ရာ ရုပ်ဝတ္ထုများနဲ့ ဆက်စပ်တွေးခေါ်မှု ပိုင်းကို မီးမောင်းထိုးပြခဲ့ပါတယ်။ မန္တလေးရဲ့ အထင်ကရ ကဗျာဆရာတွေ တက်ရောက်ပြီး မေးခွန်းတွေ မေးမြန်းတာလည်း တွေ့ရပါတယ်။
ရန်ကုန်က ဆရာမင်းထက်မောင်နဲ့ ဆရာမောင်လင်းရိပ်တို့က “ယနေ့ မြန်မာကဗျာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Talk Show ပြောကြားခဲ့ သလို မန္တလေး ကဗျာဆရာတွေနဲ့ Workshop ဆန်ဆန် အပြန်အလှန် ဆွေးနွေးခဲ့တာ အားရစရာပါ။ ဆရာမ ဖြူမွန်၊ ဆရာမ ကြည်မွေ့အိမ်နဲ့ ဆရာမ လဲ့ဝင်းကြည် (ချို) တို့က ကဗျာဆရာတွေဟာ ခေတ်အဆက်ဆက်မှာ လူထုဘက်က ရပ်တည်ခဲ့တာ၊ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကို ထင်ဟပ်စေတဲ့ ကဗျာတွေ ရေးဖွဲ့ခဲ့တာကို “ကဗျာထဲက အသံ” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပြန်ပါတယ်။
ကလေးစာပေရဲ့ အရေးကြီးပုံ၊ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာတွေလုပ်ဆောင်သင့်သလဲ၊ ချစ်စရာ ကောင်းတဲ့ ကလေးကဗျာတွေ၊ နှစ်သက်ခဲ့ရတဲ့ ကာတွန်းတွေ အကြောင်းကို ဆရာမ သင်းသင်းသာ၊ ဆရာမ မြူမြူနဲ့ ကျမတို့က ဆွေးနွေးခဲ့ပါတယ်။ ရသစာပေ ရေးသားနေရုံနဲ့ မပြီးသေးဘဲ ရသစာပေဖတ်ရှုဖို့၊ အထူးသဖြင့် လူထုကြားမှာ ရသဝတ္ထုတွေ ဖတ်ရှုပြတာဟာ အကျိုးကျေးဇူး ဖြစ်ထွန်းစေတဲ့အကြောင်း၊ ရသစာပေဝိုင်းဆိုပြီး ရသ၀တ္ထုတွေ ဖတ်ကြတာဟာ ရသနှိုးစက်သဖွယ် ဖြစ်နေကြောင်း ဆရာမ နှင်းဝေငြိမ်းက “ရသစာပေအတွက် ရသစာပေဖတ်ခြင်း” စာတမ်းမှာ ထည့်သွင်း ဖတ်ကြားခဲ့ပါတယ်။
တခုပြောစရာရှိတာကတော့ ဧရာဝတီ စာပေပွဲတော်ကို လာရောက်တဲ့ ပရိသတ် နည်းပါးနေတာပါပဲ။ လာရောက် သူတွေဟာ စာရေးဆရာ အများစု၊ ကဗျာဆရာ အများစုပဲ ဖြစ်နေတာတွေ့ရပါတယ်။ စာပေကို ချစ်မြတ်နိုးတဲ့ လူငယ်တွေ၊ ပရိသတ်တွေ များများတက်ရောက်နိုင်ရင်၊ ဆွေးနွေးနိုင်ရင်၊ မေးခွန်းထုတ်နိုင်ရင် ပိုကောင်းမယ်လို့ ယူဆပါတယ်။
စာပေပွဲတော် ကျင်းပမယ့် အစီအစဉ်ကို ပွဲတော်မကျင်းပခင် တလလောက် အလိုကတည်းက ကြိုပြီး ကြေညာသင့်တာပါ။ ကျင်းပ တဲ့နေရာက အများပြည်သူ လွယ်လင့်တကူ သွားလာနိုင်တဲ့ နေရာဖြစ်ရင် ပရိသတ် ပိုများနိုင်ပါတယ်။ နောင်နှစ်တွေမှာ ကြိုတင်ပြင်ဆင်ချိန် ခပ်ကြာကြာယူပြီး သွားလာရေးလွယ်ကူတဲ့ နေရာမှာ ကျင်းပရင် အားလုံးအတွက် အဆင်ပြေနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တတိယအကြိမ်မြောက် ဧရာဝတီ စာပေပွဲတော်က စာပေလောကအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ပွဲတော်ပါ။ ဒါ့အပြင် ရန်ကုန်နဲ့ မန္တလေးက စာရေးဆရာတွေကြား ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရုံသာမက ကမ္ဘာ့အလယ်မှာ မြန်မာ့ စာပေ ထိုးဖောက်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရာမှာ အထောက်အကူ ဖြစ်စေတဲ့ စာပေပွဲတော်လို့ ဆိုရင်လည်း မမှားဘူးလို့ ထင်မြင် ယူဆမိပါကြောင်း။ ။
The post ရသစာပေ ဖွံ့ဖြိုးရေးအတွက် ဧရာဝတီ စာပေပွဲတော် appeared first on ဧရာဝတီ.