





ပန်းချီမော်မော် လို့ ပြောရင် ရေစက်လေးတွေ (Small Drop of Water) ကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ သူရဲ့ ရေစက်လေးတွေကို တချို့က မျက်ရည်ကိုလည်း ညွှန်းတာ ဖြစ်တယ်လို့ ခံစားသူတွေလည်း ရှိ၊ တဖန် လှပတဲ့ မိုးစက် မိုးပေါက်လေးတွေ လို့ ခံစားသူလည်း ရှိပါတယ်။ လူငယ် ပန်းချီဆရာမ တဦး ဖြစ်ပေမယ့် မော်မော်က သရုပ်မှန် ရေးဆွဲနည်း (Realism) ကို ယုံယုံကြည် ရေးဆွဲတာ တွေ့ရပါတယ်။ ဘာကြောင့် Realism ကို နှစ်သက်ရွေးချယ်တာပါ လိမ့်။
`မော်မော် Realism ကို အခြေပြု ရေးဆွဲတာက ကြည့်ရှုသူတိုင်းရဲ့ စိတ်မှာ သိသာတယ်၊ မြင်သာလွယ်တယ်၊ ထင်ရှားစေတယ်လို့ ယုံကြည်တာကြောင့်ပါ။ ကြည့်သူနဲ့ ကိုက်ညှိယူရ လွယ်တယ်လို့ ပြောရင်ရမယ် ထင်ပါတယ်။ ဒါကြောင့် Realism အခြေပြု ရေးဆွဲဖန်တီးတာကို နှစ်သက်ရွေးချယ်တာပါ´ လို့ ပန်းချီမော်မော်က ပြောပါတယ်။
သူ ရေးဆွဲဖို့ တခြား အကြောင်းအရာတွေထက် ဘာကြောင့် ရေစက်ကလေးတွေကိုမှ ရွေးချယ်တာလဲ လို့ ထပ်ဆင့် မေးတဲ့ အခါ – `အမှုမဲ့ အမှတ်မဲ့ မြင်တွေ့ရတဲ့ မြင်ကွင်းတွေကို ထုတ်နုတ်ပြတာပါ။ ခံစားချက်ပါရင် အနုပညာ ဖြစ်တယ်လို့လည်း မော်မော် ထင်ပါတယ်။ အနုပညာ ဆိုတာ ခံစားတာပဲလေ။ အမှုမဲ့ အမှတ်မဲ့ ပြောလိုက်တဲ့ စကားတွေ ထဲမှာ၊ ရေးလိုက်တဲ့ စာတွေထဲမှာလည်း ခံစားမှုပါရင် အနုပညာတွေ ပါနေမှာပါပဲ´ လို့ ပြောပါတယ်။
သူရဲ့ အစောပိုင်းလက်ရာတွေမှာလည်း ရေးကန်၊ ရေခွက်၊ ရေပုံးစသဖြင့် ရေနဲ့ ဆက်စပ်နေတာကို သတိပြုမိပါတယ်။ ပထမဆုံး ရေးဆွဲတာက ရေကန်ထဲကကြာပွင့်တွေ ပန်းချီကား၊ နောက်တကားက ရေကန်ငယ်မှာ ရေခပ်နေတဲ့ ကိုရင်ပုံတွေပါ။ အဲဒီလို ရေစက်ရေပေါက် ရေပြင်ကနေ နောက်ပိုင်းမှာ ရေစက်လေးတွေကို ပြောင်းလဲ ရေးဆွဲလာတာ တွေ့ရပါတယ်။
ပန်းချီမော်မော်ကို ၁၉၇၉ အောက်တိုဘာ ၂၅ ရက်နေ့၊ ရန်ကုန်မှာ မွေးပါတယ်။ သူရဲ့ ဖခင်က ဦးစိန်လှိုင် ဖြစ်ပြီး မိခင်က ဒေါ်ခင်လေး ဖြစ်ပါတယ်။ သူက မွေးချင်း မောင်နှမ ၃ ဦးမှာ အငယ်ဆုံးသမီး ဖြစ်ပြီး အစ်မ တယောက်နဲ့ အစ်ကို တယောက် ရှိတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူကလည်း အနုပညာ အလုပ်ကို လုပ်ကိုင်ခြင်း မရှိပေမယ့် အနုပညာနဲ့ နှီးနွယ် ဆက်စပ်သူပါ။
ဘာကြောင့်လဲ ဆိုတော့ သူ ဖခင် ဦးစိန်လှိုင်ဟာ မန္တလေးပန်းချီပန်းပုနဲ့ ပန်တျာကျောင်းက ဂီတ အထူးပြု သင်ယူခဲ့တဲ့ ကျောင်းဆင်းတဦး ဖြစ်တာကြောင့်ပါပဲ။ ဖခင်ဖြစ်သူ ဂီတကျောင်း တက်ခဲ့တုန်းက စွယ်စုံအနုပညာရှင် ဦးဝင်းဖေ ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင်နေချိန် လို့ ဆိုပါတယ်။
`မော်မော်ရဲ့ မွေးနေ့က ပီကာဆို မွေးနေ့နဲ့ တထပ်တည်းနော်´ လို့ ပန်းချီမော်မော်က အရွန်းဖောက် ပြောပါတယ်။ `ငယ်ငယ် ကတည်းက ပုံဆွဲဖို့ ဖြစ်လာတယ် လို့ ပြောနိုင်ပါတယ်။ အစ်မက မော်မော် ငြိမ်အောင်ဆိုပြီး အိမ်ထဲမှာ ပုံလေးတွေ ရေးဆွဲပြတယ်။ ဒါက ဒီလိုဆွဲ.. ဆိုပြီး သင်ပေးခဲ့တာက စပါတယ်။ ပန်းချီရယ် လို့တော့ ဘယ်သိဦးမလဲ။ ဒါပေမယ့် ရေးဆွဲဖြစ်ခဲ့ပါတယ်´
ပန်းချီမော်မော်ဟာ လသာမြို့နယ် အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာ တက်ရောက်ပညာသင်ယူ ခဲ့တာ ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ၁၀ တန်းအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၁ ခုနှစ်မှာ သံလျင်ဂျီတီစီကို သတင်းနည်းပညာ (Information Technology – it) ဘာသာရပ် အထူးပြုနဲ့ တက်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပါတယ်။ သံလျင် ဂျီတီစီမှာ နေ့ပိုင်း ကျောင်းတက်နေချိန်မှာပဲ မော်မော်ဟာ ရန်ကုန်ပန်းချီပန်းပုကျောင်း၊ ညနေပိုင်းသင်တန်းကို ဆက်လက် တက်ရောက်ခဲ့တဲ့ အပြင် Forever Group က သင်ကြားပေးတဲ့ Diploma in Computer Art သင်တန်းကို လည်း တက်ရောက်တယ် လို့ သိရပါတယ်။
`မော်မော် ကျောင်းတက်တော့ .. အဲဒီတုန်းက မှတ်မိသေးတယ်၊ စက်မှုလက်မှု၊ အိမ်တွင်းနဲ့ အနုပညာ အချိန်ဆိုပြီး တပတ်မှာ ၂ ချိန် ရှိတာမှာ မော်မော်က အနုပညာ ပန်းချီတန်းကိုပဲ တက်တယ်။ ရွှေသွေး၊ တေဇ စာစောင်တွေထဲက ပုံလေးတွေ သူငယ်ချင်းတွေကို အဲဒီ အချိန်မှာဆို ဆွဲဆွဲပေးတာ၊ စာအုပ်တွေ တထပ်ကြီးပဲ။ ကျောင်းမှာ ပထမဆုံး သင်ကြားပေးတာက ဆရာက ဆရာဦးစောနိုင်၊ နောက်ထပ်သင်ပေးတာက ဆရာဦးလှသန်းတို့ပါ။ ဆရာဦးလှသန်း ကတော့ မော်မော် ၁၀ တန်းအောင်ပြီးတဲ့ တိုင်အောင် ပန်းချီပညာသင်ကြားပေးနေဆဲပါပဲ´ လို့ အသားဖြူဖြူ ပုပုလုံလုံး ပန်းချီမော်မော်က သူရဲ့ ပန်းချီဆရာတွေ အကြောင်း ပြောပါတယ်။
သူဟာ ၆ တန်းကတည်းက ပန်းချီပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ သူပါ။ ပန်းချီ၊ ပိုစတာ၊ ကာတွန်း ပြိုင်ပွဲတိုင်း လိုလို သူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်စဉ်လိုလို ဆုတခုမဟုတ် တခု၊ ဒါမှမဟုတ် ၂ ခု၊ ၃ ခု ရတာတွေ ရှိတယ်လို့ ပန်းချီမော်မော်က ပြောပါတယ်။
`ပန်းချီနဲ့ ပတ်သက်ပြီး မော်မော်ရဲ့ ထင်ရှားတဲ့ဆုက ၂၀၀၇ ခုနှစ်မှာ ပထမဆုံး လုပ်တဲ့ ထွန်းဖောင်ဒေးရှင်း ပန်းချီ ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့တာပါ။ အဲဒီနောက် Sovereign Art Foundation က ပြုလုပ်တဲ့ Contemporary Art Award ပြိုင်ပွဲမှာလည်း တတိယဆုပါ။ အဲဒီ တတိယဆု ရရှိတဲ့ ပန်းချီကားကို ဟောင်ကောင်မှာ ပြပွဲပြုလုပ် ပြသတော့ Public Vote (ပရိတ်သတ်အကြိုက်) ဆုလည်း ရခဲ့ပါတယ်´လို့ ပြောပါတယ်။
ပန်းချီမော်မော်ဟာ ၂၀၀၄ ခုနှစ် ပန်းချီပန်းပု ကျောင်းဆင်းလူငယ်တွေ စုစည်းထားတဲ့ Colour Stream (ရောင်စုံ စမ်းချောင်း) အုပ်စုပန်းချီပြပွဲက စပြီး ပန်းချီပြပွဲပေါင်း များစွာမှာ ပါဝင်ပြသခဲ့သလို အချိန်ပြည့် ပန်းချီဆရာမ တဦးအဖြစ် ရပ်တည် လုပ်ကိုင်နေပါတယ်။
သူဟာ ရေစက်လေးတွေ အပြင် Portrait (ပုံတူပန်းချီ) ရေးဆွဲခြင်း၊ Nude ပန်းချီကားတွေလည်း ရေးဆွဲပါတယ်။ ခင်ပွန်းဖြစ်သူ ကိုစောလင်းအောင် ကလည်း ပန်းချီပန်းပုကျောင်း အတူ တက်ရောက်ခဲ့တဲ့ ပန်းချီဆရာ တဦးပါ။
မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ပြုလုပ်တဲ့ ရန်ကုန်မြို့ ဒဂုံမြို့ရှိ Think ပြခန်းမှာ ပွင့်တူရွက်တူ “Yangon Women’s Festival” ပန်းချီပြပွဲမှာ ပန်းချီမော်မော်လည်း ပါဝင် ပြသတာ တွေ့ရပါတယ်။ အမျိုးသမီး ပန်းချီဆရာ တဦးအနေနဲ့ ဖြတ်သန်းလုပ်ကိုင်ရာမှာ ဘာ အခက်အခဲတွေ ရှိပါသလဲလို့ မေးကြည့်ပါတယ်။
`အခုလို အကူးအပြောင်းကာလ ဘာအခက်အခဲတွေ တွေ့ရလဲ၊ ပန်းချီလောကမှာ အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရလား ဆိုတော့ လုပ်ကိုင်နိုင်တဲ့ အား၊ ဖန်တီးနိုင်တဲ့ အစွမ်းပေါ် မူတည်ပြီး အခွင့်အလမ်းတွေ ရှိနေတယ် လို့ မြင်ပါတယ်။ ယောက်ျား မိန်းမ ဆိုပြီး ခွဲခြားမှု ရှိမနေရင် ပိုကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့် အနုပညာ အပေါ် ကိုယ်တိုင်ကျေနပ်အားရဖို့ ကိုယ်လုပ်ချင်တာ ကိုယ်သိဖို့လိုတယ်။ ကိုယ်ပျော်တာကို ကိုယ်သိဖို့ လိုတယ်´ လို့ ပြောပါတယ်။ ။
The post ခံစားချက်ပါရင် အနုပညာ ဖြစ်တယ် ဆိုတဲ့ ပန်းချီမော်မော် appeared first on ဧရာဝတီ.