Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အမုန်း အငြိုး သို့မဟုတ် စစ်၏ တဖက်သော စာမျက်နှာနှင့် Unbroken

$
0
0
Unbroken, အင်ဂျလီနာ ဂျိုလီ, လူဝီ

Unbroken ရုပ်ရှင် ဒီဗွီဒီ အဖုံး

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ တုန်းက ဘယ်နေ့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကြားနိုင်သမျှ သတင်းတွေ နားစွင့်လိုက်တာနဲ့ ရင်အေးရတယ်၊ စိတ် ချမ်းသာရတယ် ဆိုတဲ့ သတင်းမျိုး မရှိသလောက်ပါပဲ။ တနေရာက စစ်မီး မငြိမ်းခင် နောက် တနေရာမှာ စစ်မီး စတင်ကျွမ်းလောင်။ မငြိမ်း ချမ်းတဲ့ခေတ်မှာ ကြီးပြင်းလာရလို့လားတော့ မဆိုနိုင်ဘူး။ ကျမ အတွက် တန်ဖိုး အထားရဆုံး စကားလုံးထဲမှာ ငြိမ်းချမ်းခြင်း ဆိုတာ ပါပါတယ်။ ဘယ်သူ့ ဘယ်သူကိုမှ မထိခိုက်စေချင်တာ၊ လူမျိုး တမျိုးနဲ့ တမျိုး အကြား မုန်းတီးစစ်ခင်း မနေစေချင်တာ၊ တောတောင် ပတ်ဝန်းကျင် သဘာဝတရားကို သာမက ဘယ်လူသားကို မဆို လွတ်လပ်အေးချမ်းစွာ အသက်ရှင်နေစေချင်တာ.. စသဖြင့်။

ငယ်တုန်းက အဘွားနဲ့ ကြီးပြင်းလာရတော့ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် ဇာတ်လမ်းတွေကို ကျမ နားထောင်ခဲ့ရဖူး ပါတယ်။ နောက်တော့လည်း ကျမတို့ မွေးရပ်မြေဟာ လွတ်လပ်ရေး ရပြီးတဲ့နောက် မငြိမ်းချမ်းတဲ့ မြေထဲ အပါအ၀င်။ မငြိမ်းချမ်းတဲ့ ခေတ်မှာပဲ ကျမတို့ လူဖြစ်လာ။ သီချင်းတပုဒ်ထဲကလို ‘သည်းခံ သည်းခံ’ လို့ပဲ အထပ်ထပ် ညည်းရတော့ မလို နေ့ရက်များစွာ ဖြတ်ရင်း ဒီနေ့ ဒီအချိန် ရောက်လာခဲ့ရ။ ပြောင်းလဲပြီ ဆိုတဲ့ခေတ်ထဲ ကျမတို့လို သာမန်လူများစွာ ဟာ မပြောင်းလဲခြင်း တရားနဲ့ တိုက်ရိုက် အချိုးကျလို့။

နိစ္စဓူဝ စိတ်အပန်း ဖြေစရာရယ်လို့ တွယ်ဖက်ထားရတာကတော့ ရုပ်ရှင်တွေပါပဲ။ ရုပ်ရှင်တွေထဲမှာတောင် ကျမ ကြည့်လေ့ကြည့်ထ အတော်နည်းတဲ့ ရုပ်ရှင်အမျိုးအစား ရှိပါသေးတယ်။ အဲဒါကတော့ စစ်နဲ့ ဆက်နွှယ်ရာ ရုပ်ရှင်တွေ ပါ။ အထူးသဖြင့် စ လယ် ဆုံး တဒိန်းဒိန်း တဒိုင်းဒိုင်း ဆိုရင်ကို ခေါင်းတောင် ငဲ့မကြည့်ချင် ပါဘူး။ လူတွေ အတုံးအရုန်း သေကြေ ပျက်စီးနေတဲ့ မြင်ကွင်းမျိုး မြင်ရရင်တော့ ရုပ်ရှင်မှန်း သိရဲ့နဲ့ စိတ်ထိခိုက်ရပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့တပတ်တုန်းကတော့ ဖြစ်ရိုးဖြစ်စဉ်ထဲက ခွဲထွက်သလို စစ်နဲ့ နွှယ်တဲ့ ရုပ်ရှင်တကားကို ကြည့်ဖြစ် ခဲ့ပါတယ်။ ကျမ သဘောကျ နှစ်လိုတဲ့ အမျိုးသမီးသရုပ်ဆောင် အင်ဂျလီနာဂျိုလီ ကိုယ်တိုင် ရိုက်ကူး ထုတ်လုပ်တဲ့ ရုပ်ရှင်မို့ ပါပဲ။ ကြည့်ဖြစ်အောင် ကြည့်ဦးမှ လို့ ရုံမတင်ခင်တုန်းက တွေးမိတဲ့ အတိုင်းပဲ ရုံတင်ပြီး ရက်နည်းနည်း အကြာမှာ ကြည့်ဖြစ်တယ် ဆိုပါတော့။

Unbroken ဟာ စစ်နဲ့ နွှယ်တယ် ဆိုပေမယ့် အတ္ထုပတ္တိ ရုပ်ရှင်ဖြစ်ပါ။ အမေရိကန် အိုလံပစ် အားကစားသမား လူဝီဇမ်ပါရီနီရဲ့ ဘ၀ဖြစ်စဉ် တစိတ်တဒေသ ပါ။ လူဝီဟာ ဒုတိယကမ္ဘာစစ် အတွင်းက သူပါဝင်တဲ့ လေယာဉ် ပင်လယ်ထဲ ပျက်ကျ နစ်မြုပ်ရာက အသက်ကယ်လှေပေါ် ရက်ပေါင်း ၄၇ ရက်ကြာ မျောပါ အသက်ရှင်ခဲ့သူ၊ နောက်တော့ ဂျပန်တို့ရဲ့ စစ်အကျဉ်းသား အဖြစ် ထိန်းသိမ်းခံခဲ့ရသူပါ။

လူဝီ့နေရာမှာတော့ ဗြိတိန် လူငယ်သရုပ်ဆောင် Jack O’Connell က ပါဝင် သရုပ်ဆောင်ထား ပါတယ်။ သူ့အတွက် အဓိက ဇာတ်ဆောင်နေရာက ပါဝင်ခွင့်ရတဲ့ ပထမဆုံး ဟောလိဝုဒ်ရုပ်ရှင်ပါ။ ဂျပန် စစ်အကျဉ်းစခန်းမှာ လူဝီဆုံရတဲ့ တပ်ကြပ် ၀ါတာနာဘေ နေရာမှာတော့ ဂျပန်လူငယ် အဆိုတော် တေးရေး သရုပ်ဆောင် Takamasa Ishihara က ပါဝင် သရုပ်ဆောင် ထားပါတယ်။

ရုပ်ရှင်ကို ဒုတိယကမ္ဘာစစ်မီး တငွေ့ငွေ့တောက်လောင်ဆဲ ၁၉၄၃ ခုနှစ် ဧပြီလမှာ စတင်ပါတယ်။ လူဝီအပါအ၀င် ဗုံးကြဲတိုက်လေယာဉ်က လေတပ်သားတွေ ဝေဟင်မှာ တိုက်စစ်ဆင်ဖို့ ရောက်ရှိနေတဲ့ မြင်ကွင်းနဲ့ အစပြုပါတယ်။ ဂျပန်တွေ တပ်စွဲထားတဲ့ နာအူရူကျွန်းပေါ် ပျံဝဲ စစ်ဆင်ရာမှာ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူလည်း ရလို့။ စစ်မြင်ကွင်း၊ စစ်ကြောင့် နာကျင်ထိခိုက်ရသူတွေ။ အရေးပေါ် လေယာဉ် ဆင်းသက်ပြီး အသက်ဘေးကတော့ လူဝီတို့ သီသီကလေး လွတ်ခဲ့ကြပါတယ်။

နောက်ထပ် နောက်ထပ် မြင်ကွင်းတွေမှာတော့ လူဝီ့ငယ်ဘ၀။ အမေရိကန်-အီတလီ ကောင်ကလေး လူဝီဟာ လူတော်လေး တယောက်လား ဆိုတော့လည်း မဟုတ်ခဲ့ပါဘူး။ ဆေးလိပ်ခိုးသောက်၊ အရက် ခိုးသောက်တတ်တဲ့ သူ။ တရက်မှာတော့ အမျိုးသမီးတွေ ထိုင်နေတဲ့ ခုံတန်းအောက်က ခိုးဝင်ကြည့်နေပုံကို လူမိလို့ ထွက်ပြေးတဲ့အခါ သူ အပြေးမြန်တာကို သူ့အစ်ကို ပီတာက သတိပြုမိပါတော့တယ်။ ပီတာဟာ နေ့စဉ်နေ့တိုင်း လူဝီ့ကို အပြေးကျင့်စေ တယ်။

လမ်းကြောင်းမှား ရောက်လုလု ကောင်လေးတယောက်ဟာ အုပ်ထိန်းသူကောင်းရဲ့ အဖေးအမနဲ့ လူငယ်ဘ၀ရောက် ကြီးပြင်းလာတော့ အနာဂတ်က လင်းလက်စ ပြုပြီ။ လူဝီဟာ တာဝေးအပြေးသမားလေး ဖြစ်လာခဲ့ပါပြီ။ မြန်ဆန်လှတဲ့ ပြေးပုံကြောင့် တော်နေဒိုးလို့ ချစ်စနိုး အမည်ပေးခံရပါတယ်။ ၁၉၃၆ ခုနှစ် ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်တဲ့ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာတော့ လူဝီ့အစွမ်းကို မြင်ကြရတယ်။ မီတာ ၅၀၀၀ အပြေးပြိုင်ပွဲမှာ နံပါတ် ၈ နေရာက ၀င်ပြီး နောက်ဆုံးအကျော့မှာ ကြာမြင့်ချိန် ၅၆ စက္ကန့်နဲ့ စံချိန်တင်ခဲ့ပါတယ်။

လူငယ် အားကစားသမား ကျောင်းသားလေး တယောက်ရဲ့ နောက်ထပ် ဘ၀အချိုးအကွေ့ ကတော့ စစ်ပါ။ အိုလံပစ် ပြိုင်ပွဲပြီး တဲ့နောက် သုံးနှစ်လောက် အကြာမှာတော့ ခြောက်နှစ်နဲ့ တရက်တိတိ ကြာမြင့်ခဲ့တဲ့ ဒုတိယကမ္ဘာစစ် စပါ တယ်။ အတိအကျ ဆိုရရင် ၁၉၃၈ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ စစ်စပါတယ်။ ၁၉၄၁ ခုနှစ် စက်တင်ဘာမှာ လူဝီ စစ်ထဲ ၀င်ပါတယ်။

စစ်သည်အင်အားပေါင်း သန်းချီ ပြည်သူပေါင်း သန်းချီ သေဆုံးခဲ့ကြရတဲ့ စစ်ဟာ တကယ့်တကယ်မှာတော့ အာဏာရှင်တွေရဲ့ ပါဝါပြိုင်ပွဲ သက်သက်။ မြေဇာပင် မြောက်မြားစွာ ကတော့ သူတို့ရဲ့ အဖိုးတန်အသက်ကို သစ်ရွက်လေးတွေလို ခြွေချခံခဲ့ရတာပါ။ လူဝီဟာ စစ်ဒဏ်ကနေ ကံကောင်းထောက်မစွာ လွတ်မြောက်လာသူ။ သို့သော် အလွယ်တကူ လွတ်မြောက်မှုတော့လည်း မဟုတ်ခဲ့။

ကယ်ဆယ်ရှာဖွေမှု စစ်ဆင်ရေး အတွက် နောက်ထပ် ဝေဟင်ခရီးတခု စတင်စဉ်မှာပဲ လေယာဉ် အင်ဂျင်ချွတ်ယွင်းလို့ ပင်လယ်ထဲ ထိုးကျပါလေရော။ လွတ်မြောက် ရှင်ကျန်ရစ်သူ သုံးဦးကတော့ လူဝီရယ်၊ ဖီလ်တို့ ညီအစ်ကို နှစ်ယောက် ရယ်။ ပင်လယ်ထဲ မျောပါနေတဲ့ ဇာတ်ဝင်ခန်းတွေမှာ အခက်အခဲတွေကြား ကြိုးစားပမ်းစား ရှင်သန်ရင်း တဦးနဲ့တဦး ရိုင်းပင်းတဲ့ စိတ်အလှကို မြင်ကြရပါတယ်။

ပထမတကြိမ် ရှာဖွေရေးလေယာဉ်ကို အချက်ပြပေမယ့် သူတို့ မအောင်မြင်။ သူတို့ကို တွေ့သွားတဲ့ ဂျပန် လေယာဉ် ကတော့ ပင်လယ်ထဲက ကူကယ်မဲ့သူတွေကို တိုက်ခိုက်ခဲ့သေးတာ။ ၃၃ ရက်မြောက်နေ့မှာတော့ ဖီလ်ရဲ့ ညီလေး ကွယ်လွန်ပါတယ်။ လူဝီတို့ နှစ်ဦး ကမ်းကပ်ခွင့် ရတဲ့ရက်ကတော့ ၄၇ ရက် မြောက်။ ကောင်းသော လွတ်မြောက်ခြင်း တော့ မဟုတ်။ စစ်အကျဉ်းသား အဖြစ် ရောက်ကြရတာပါ။

စစ်အကျဉ်းသား ဘ၀ဟာ လူဝီ့အတွက်တော့ အိပ်မက်ဆိုးပါပဲ။ ရုပ်ရှင်ရဲ့ အဓိကအပိုင်းလို့ ဆိုနိုင်တဲ့ စစ်ရဲ့ ဆိုးမွေ၊ အငြိုးအတေး စတာတွေကို မြင်တွေ့ရပါတော့တယ်။ လူဝီရောက်တဲ့ စခန်းမှာ အုပ်ချုပ်သူက အိုလံပစ်ပြိုင်ပွဲတုန်းက တွေ့ဆုံဖူးခဲ့တဲ့ အားကစားသမား ဂျပန်လူငယ် ၀ါတာနာဘေ။ ၀ါတာနာဘေဟာ လူဝီ့ကို တခြားသူတွေထက် ပိုပြီးတော့ ဆိုးဆိုးရွားရွား ဆက်ဆံပါတယ်။ အိုလံပစ် အားကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ဟာ လူဝီ့အတွက်တော့ အငြိုးအတေး ခံရဖို့ရာ နောက်ခံ အကြောင်းတရား။

လူဝီရလာတဲ့ အခွင့်အရေး တခုကတော့ ရေဒီယိုက တဆင့် မိသားစုထံ သတင်းစကား လှမ်းပြောခွင့်။ မိသားစုရဲ့ ၀မ်းနည်းမျက်ရည်ကြားက အပြုံး။ လူဝီတယောက် အသက်ရှင်နေသေးတယ်ဆိုတာက ပြုံးစေ၊ ပူပန်မှုကတော့ မျက်ရည်ဝဲစေ ပါတယ်။ ဒါဟာ စစ်ကြောင့် ခွဲခွာကြရတဲ့ မိသားစုများစွာကို ကိုယ်စားပြုပါတယ်။

နောက်တကြိမ် ရေဒီယိုက စကားလှမ်းပြောရာ မှာကတော့ အမေရိကန်ကို ဆန့်ကျင် မလိုလားသူ ဖြစ်ကြောင်း ပြောပါ တဲ့။ လူဝီက ငြင်းပါတယ်။ အကျိုးဆက်အားဖြင့် ညှင်းပန်းနှိပ်စက် ခံရပါတယ်။ အကျဉ်းသားတွေရဲ့ စိတ်ထဲက မပါတဲ့ လက်သီးချက် တွေကို လူဝီလက်ခံရပါတယ်။ ၀ါတာနာဘေ ရာထူးတက်လို့ စခန်းပြောင်းရတော့ လူဝီ့ အတွက် စိတ်သက်သာရာ ရမယ့် အနေအထားတခု ပေါ်လာ။ သို့သော် အမေရိကန် လေယာဉ် ဗုံးလာကြဲလို့ သူတို့တွေ ပြောင်းရွှေ့ ကြရတဲ့စခန်းက ၀ါတာနာဘေ တာဝန်ယူနေတဲ့ စခန်းပဲ ဖြစ်နေပါရော။

ကျောက်မီးသွေး သယ်ယူဖို့ သူတို့တွေ ခိုင်းစေခံရတဲ့ အခါ လူဝီကတော့ တခြားသူတွေထက် ပိုပြီးတော့ ပြင်းထန်တဲ့ အခြေအနေ တွေကို ရင်ဆိုင်ရပါတယ်။ အင်မတန် လေးလံကြီးမားတဲ့ သစ်သားချောင်းကို ကိုင်မ ခိုင်းထားပြီး ယိမ်းယိုင် ပြိုကျတာနဲ့ အပစ်ခံရမယ်လို့ ၀ါတာနာဘေက ထပ်ပြီး ညှဉ်းပန်းပြန်တယ်။

အဲဒီ ဇာတ်ဝင်ခန်းဟာ အဓိက ဇာတ်ကောင် နှစ်ယောက်ရဲ့ အားပြိုင်ခန်း။ အမုန်းတရားတွေ လက်နေတဲ့ ဂျပန် လူငယ်ရဲ့ မျက်ဝန်းတွေဟာ ချိုးဖျက်လို့ မရလောက်အောင် စိတ်ဓာတ်ခိုင်မာ ဇွဲကောင်းလှတဲ့ လူဝီ့အပေါ်မှာ တင်းတင်း မာမာ ကျရောက်နေတဲ့ အချိန်။ နောက်ဆုံးတော့ လက်နက်ကိုင်ထားနိုင်သူ အာဏာရှိသူ ၀ါတာနာဘေဟာ လက်နက်မဲ့ ခွန်အားမဲ့ လူဝီ့မျက်လုံးကိုပဲ ကြောက်လန့်နေရ။ စစ်ပြီးတဲ့ အခါ လူဝီတို့ တတွေ အကျဉ်းသားဘ၀က လွတ်မြောက်။ အဘိုးအိုလူဝီ အိုလံပစ်မီးရှူးတိုင်ကို ကိုင်ဆောင်ခွင့် ရတဲ့မြေ ကတော့ သူ့ဘ၀ရဲ့ အမှောင်ခြမ်းတွေကို ရင်ဆိုင်ခဲ့ ရတဲ့ နေရာ ဂျပန်ပြည်ပါပဲ။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ရုံတင်ပြသတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ စတင်ပြသတဲ့ ရက်မှာပဲ ၀င်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၉ သန်းရရှိပြီး ခရစ္စမတ်နေ့မှာ ပွဲဦးထွက်ပြတဲ့ ရုပ်ရှင်တွေထဲ Les Miserables ၊ Sherlock Holmes တို့ရဲ့ နောက် နံပါတ် ၃ နေရာမှာ ရှိတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဝေဖန်သူများ ကတော့ အကောင်းမြင်တာလည်း ရှိသလို အဆိုးမြင်ကြတာ လည်းရှိ။ လူဝီရဲ့ တခြားသော ဘ၀အစိတ်အပိုင်းများကို မီးမောင်း ထိုးပြနိုင်ခဲ့ခြင်း မရှိဘူး လို့ ထောက်ပြသူတွေလည်း ရှိခဲ့ပါတယ်။ ပရိသတ်တယောက်ရဲ့ အမြင်အနေနဲ့ ကတော့ ဇာတ်လမ်းအစကနေ အဆုံးတိုင် စိတ်ဝင်စားနေစေအောင် တင်ဆက်ပုံ သေသေသပ်သပ်နဲ့ ဆွဲခေါ်သွားနိုင် တယ်လို့ ကျမ ဆိုချင်ပါတယ်။

Unbroken ဟာ အင်ဂျလီနာဂျိုလီ ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ဒုတိယမြောက် ရုပ်ရှင်ပါ။ သရုပ်ဆောင် အနေနဲ့လည်း အောင်မြင်ထင်ရှား မှတ်တိုင်များစွာ စိုက်ထူခဲ့သလို လူမှုကူညီရေး လုပ်ငန်းတွေကိုလည်း စိတ်အာရုံဝင်စားစွာ လုပ်ကိုင်နေတဲ့ ဂျိုလီဟာ ကိုယ်တိုင် ဒါရိုက်တာ ထုတ်လုပ်သူအဖြစ် ရုပ်ရှင်ဇာတ်ကား နှစ်ကားတိတိ ပရိသတ် ရှေ့မှောက် ပို့ခဲ့ပါပြီ။ တတိယရုပ်ရှင် By the Sea ကိုလည်း ဒီနှစ်ထဲမှာပဲ ရုံတင်ပြသဖို့ စီစဉ်နေတယ် လို့ဆိုပါတယ်။

စစ်မြင်ကွင်း၊ စစ်ရဲ့ ဆိုးကျိုး သက်ရောက်မှု အမှောင်ခြမ်းတွေကို စိတ်စောကြည့်ရှုရတဲ့ Unbroken ရုပ်ရှင်မှာ လူဝီ့ကို ၀ါတာနာဘေက စကားတခွန်း ပြောခဲ့ပါတယ်။ ‘မင်းကို ငါ့သူငယ်ချင်းဖြစ်လာလိမ့်မယ် ထင်ခဲ့တယ်။ ဒါပေမယ့် အခုတော့ မင်းက ဂျပန်ရဲ့ ရန်သူပါ’ တဲ့။ စစ် ရယ်လို့ ဖြစ်လာရင် လူမျိုးတမျိုးနဲ့ တမျိုးအကြား ပေါ်ပေါက်စမြဲ။ အမုန်းတရားကို ကွက်ကွက်ကွင်းကွင်း မြင်ရ ခံစားရမြဲ ဖြစ်ပါတယ်။

အခုတော့ ဒုတိယ ကမ္ဘာစစ်ပြီးခဲ့တာ နှစ်ပေါင်း ၇၀ နီးပါး။ သို့သော် စစ်ပွဲအငယ်လေးတွေကတော့ ကမ္ဘာအနှံ့ တွေ့နေရဆဲ၊ ဖြစ်နေဆဲ။ လူတွေကို ဆိုးကျိုးသာ ဖြစ်စေတဲ့ စစ်ကို လူတွေကပဲ ဖန်တီးနေကြဆဲ။ အဲဒီ မငြိမ်းချမ်းခြင်း တရားကြောင့်ပဲ လူ့ အသက်ပေါင်းများစွာဟာ နွေဦးရွက်ရော်တွေလို တဖြုတ်ဖြုတ်ကြွေလို့ ကျလို့၊ ကြေလို့ မွလို့။     ။

The post အမုန်း အငြိုး သို့မဟုတ် စစ်၏ တဖက်သော စာမျက်နှာနှင့် Unbroken appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)