Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပန်းချီအောင်ထူး ရဲ့ ထွင်းဖောက်ကြည်လင် စိတ်အမြင် ပန်းချီများ (Art)

$
0
0
ပန်းချီအောင်ထူး

ပန်းချီအောင်ထူးနှင့် သူ၏ ပန်းချီကား (ဓာတ်ပုံ- တင်ထက်ပိုင်/ဧရာဝတီ)

အနုပညာရှင်တဦးဟာ အနုပညာလက်ရာတခု ဖန်တီးတော့မယ် ဆိုရင် အနည်းဆုံး အလှအပ (Beauty) ကို ဖြစ်စေ၊ စိတ်ခံစားမှု (Emotion) ကို ဖြစ်စေ၊ ဒါမှမဟုတ် နွယ်ဆက် အတွေးအမြင် (Concept) ကို ဖြစ်စေ၊ တခုခုအပေါ် အခြေပြု ဖန်တီးကြပါတယ်။ အဲဒါတွေ အားလုံးကို အခြေပြု ဖန်တီးတာလည်း ရှိနိုင်သလို အဲဒါတွေထက်ပိုတဲ့ အခြေပြု ဖန်တီးမှုများလည်း ရှိနေနိုင်ပါတယ်။ ကျနော်တို့ဆီက အနုပညာ ဖန်တီးတင်ပြမှုတွေကို လေ့လာရင် အလှအပကို ဦးစားပေး ဖန်တီးကြတာ အများစုပါ။ Emotion နဲ့ Concept အပေါ် အခြေပြုဖန်တီးတာတော့ နည်းပါးနေသေးတာ သတိပြုမိပါတယ်။

သို့ပေမယ့် Pansodan Scene ပန်းချီပြခန်းမှာ ဇန်န၀ါရီ ၂၇ က ၃၁ ရက်နေ့ အထိ ပြုလုပ်တဲ့ ပန်းချီအောင်ထူးရဲ့ Colors of Transparency (ထွင်းဖောက်ကြည်လင်မှု၏ အရောင်များ) လို့ အမည်ပေးထားတဲ့ သူ့ရဲ့ တကိုယ်တော် ပန်းချီပြပွဲက တစုံတရာ ထူးခြားတယ် လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အထက်က ပြောခဲ့တဲ့ အခြေပြု ဖန်တီးမှု စီးရီး ၃ ခုကို တပြိုင်တည်း တွေ့ရလို့ပါပဲ။

ပထမ စီးရီးတခုက ဖန်ခွက်တွေ၊ ကြွေခွက်တွေနဲ့ ပန်းချီဆေးရဲ့ အရောင်များ ထိစပ်ရာက ဖြစ်ပေါ်လာတဲ့ ထွင်းဖောက် အမြင်ကို ရေးဆွဲတင်ပြတဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။ ပန်းချီဆရာ အချင်းချင်းကတောင် အလေးထားရအောင် သူရဲ့ ကြိုးစားမှုတွေကို ဒီပန်းချီကားတွေမှာ တွေ့ရပါတယ်။ အဲဒီစီးရီး ရေးဆွဲဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ပန်းချီအောင်ထူးက -

“ပထမတော့ ဖန်ခွက် အလွတ်တွေပဲ ဆွဲဖြစ်တယ်။ နောက်မှ ဖန်ခွက်ကို ရေထည့်ဆွဲတယ်၊ နောက် ဆေးရည်တွေ လောင်းပြီး ဆွဲတယ်။ အဲဒီမှာ ဖန်ခွက်က အကြည်ဆိုတော့ ဆေးတွေ စီးဆင်းသွားတာ မြင်ရတော့ ကျနော် အရမ်း စိတ်လှုပ်ရှား သွားတယ်။ ဆေးတွေက ဖန်ခွက်အကြည်ကို ထွင်းဖောက် မြင်ရတာ၊ ဖန်သားက ပြန်ပြီး ရောင်ပြန်ဟပ် တာတွေ တွေ့လိုက်ရတယ်။ ဒါနဲ့ ကျနော် စိတ်ကူးရှိသလို ဆေးတွေဖျော်၊ ဒီဇိုင်းဆင်ပြီး ဓာတ်ပုံရိုက်တယ်၊ ပန်းချီ ဆွဲတယ်ပေါ့။ အဲဒီကားတွေ အဆက်မပြတ် ရေးဆွဲဖြစ်ခဲ့တာပါ” လို့ ရှင်းပြပါတယ်။

ဒီလို ဖန်ခွက်တွေ ကြွေခွက်တွေနဲ့ ထွင်းဖောက်အမြင် ပန်းချီကားတွေကို စတင်ဖန်တီးခဲ့တာက ၂၀၁၀ မှာ စတင်ခဲ့တာ ဖြစ်ပြီး အဲဒီအရင် ၂၀၀၇ ကနေ ၂၀၁၀ လောက်အထိ ကာလမှာတော့ တရုတ်စကားပန်း ပန်းချီကား၊ ကြာပန်း ပန်းချီကားတွေ ရေးဆွဲခဲ့ပါတယ်။

ဒီ ပန်းချီကားတွေ ရေးတဲ့အခါ စိတ်ကိုငြိမ်အောင် ချုပ်တည်း ရေးဆွဲရတယ်၊ စိတ်လွတ်လပ်မှု မရှိဘူး၊ ကြည့်သူကို ကျေနပ်မှု ရစေချင်လို့ ဒီလို ပန်းချီကားတွေ ဖန်တီးဖြစ်တာ လို့လည်း သူက ပြောပြပါတယ်။

ဒီ ဖန်ခွက် ကြွေခွက် စီးရီး ပန်းချီကားတွေ ကတော့ Beauty (အလှအပ) ကို အခြေပြု ဖန်တီးတဲ့ လက်ရာတွေပါ။ ဒါကြောင့် ကြည့်သူကို ပသာဒဖြစ်စေ၊ စိတ်ပျော်စေပါတယ်။ ဒါပေမယ့် ဒုတိယ စီးရီးပန်းချီကားတွေက Abstract Expression ဆန်တဲ့ ပန်းချီကားတွေ ဖြစ်နေပါတယ်။ Realism ရေးဆွဲနေတဲ့ ပန်းချီဆရာတဦးအနေနဲ့ Abstract Expression ပန်းချီကားရေးဖို့ အလွယ်တကူ ဖြစ်မလာနိုင်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ Reference အကူအညီယူ ဖန်တီးရတဲ့ သဘာဝနဲ့ Reference မယူဘဲ စိတ်ခံစားမှု (Emotion) ကို အခြေပြု ဖန်တီးယူရတဲ့ သဘာဝ မတူတာ ကြောင့်ပါ။

“ အဲဒီ Abstract ဆန်တဲ့ ပန်းချီကားတွေကျတော့ လျှပ်တပြက် ဖြစ်ဖြစ် လာတတ်တယ်။ တခါတလေ ဖြစ်လာတဲ့ အပေါ် ကျေနပ်သွားတာလည်း ရှိတယ်။ ပန်းချီကားတခု ဆိုရင် မမျှော်လင့်ဘဲ ရလာတာပါ။ ကျနော်က ဆီဆေး ရေးတာ ဆိုတော့ ကျနော် ရေးဆွဲနေတဲ့ ပန်းချီကားပေါ်ကို ဓာတ်ဆီတွေ မတော်တဆ ဖိတ်ကျသွားပါရော။ အဲဒီမှာ မမျှော်လင့်ဘဲ ဆေးတွေ စီးကျသွားတာတွေ၊ တချို့ အရောင်ရော ဖြစ်သွားတာတွေ တွေ့ရတယ်။ အဲဒီအပေါ် ကျနော် ကျေနပ်အားရသွားတယ်။ အဲဒီလိုမျိုး ဖန်တီးယူလို့ လုပ်ယူလို့ မရဘူးဆိုတာ တွေ့ရတယ်။ ပြောရရင် တခြား ပန်းချီကား တွေ ရေးနေရင်း စိတ်ငြီးငွေ့လာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် ဒီကားမျိုးတွေ ရေးဖြစ် ဆွဲဖြစ် သွားတာပါ´ လို့ ပန်းချီအောင်ထူးက သူ့အတွေ့အကြုံကို ပြောပြတယ်။

သူ အဲဒီလို Abstract Expression ဆန်တဲ့ ပန်းချီကားတွေ စတင်ရေးဆွဲ ဖြစ်ခဲ့တာက ၂၀၁၂ ခုနှစ်မှာ စတင်ရေးဆွဲဖြစ် ခဲ့တာလို့ သိရပါတယ်။

သူ့ရဲ့ နောက်ထပ် စီးရီးသဖွယ် ဖြစ်နေတဲ့ ပန်းချီကား ၂ ခုကလည်း အတွေးစိတ်ကူးတွေ ဆင့်ပွားသွားဖွယ်ပါပဲ။ ပန်းချီကား တခုမှာဆိုရင် ကလေးငယ်တဦး ရွှံ့အိုင်နားမှာ စူးစမ်းနေပုံကို Birds Eye View (အပေါ်စီးအမြင်) နဲ့ ရေးဆွဲထားပါတယ်။ နောက်တကားမှာတော့ ကမ်းခြေတခုမှာ ရေထဲပြေးဆင်းမယ့် ကလေးငယ်ပုံကို ရေးဆွဲထားပါ တယ်။ သရုပ်မှန်နည်းစနစ်နဲ့ ရေးဆွဲထားတဲ့ ဒီ ၂ ကားလုံးမှာ ကလေးတွေကို နောက်ကျောဘက်က အမြင်တွေချည်း ရေးဆွဲတင်ပြထားတာ ဖြစ်ပြီး လှပမှုမပါ၊ စိတ်ခံစားမှုလည်း မတွေ့ရပေမယ့် ကြည့်သူရဲ့ အတွေးစိတ်ကူးတွေ ဖြန့်ထွက်သွားစေတာ တွေ့ရပါတယ်။

ဘယ်လို ရေးဖြစ်သွားတာလဲလို့ မေးကြည့်တော့ သူက “ ဒီပန်းချီကားတွေ ရေးတုန်းက၊ ကြည့်ရှုသူကို တခုခု ပေးချင်တဲ့ စိတ်နဲ့ ရေးဖြစ်တာပါ။ Message တခုခုပေါ့။ အဲဒီ ပေးချင်တာက ဘာပဲဆိုတာတော့ တိတိကျကျ မပြောတတ်ဘူး၊ တခုခုတော့ ပေးချင်တဲ့စိတ် ရှိနေခဲ့ပါတယ်” လို့ ပန်းချီအောင်ထူးက သူ့ ဖန်တီးရေးဆွဲမှုကို ပြောပါ တယ်။

အောင်နိုင်ထူး (ခေါ်) အနုပညာအမည် ပန်းချီအောင်ထူးဟာ ပင်ကိုယ်အနေအထိုင် ငြိမ်းအေးငြိမ်သက်သူပါ။ သူ့ရဲ့ဖခင် ဦးရွှေဒေါင်းကလည်း ထင်ရှားတဲ့ ပန်းချီဆရာတဦး ဖြစ်ပြီး မိခင် ဒေါ်နော်ဖွေးဖောကတော့ သူနာပြုတဦးပါ။ သူ့ကို ၁၉၈၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့၊ ရန်ကုန်မှာ မွေးဖွားပါတယ်။ သူ့ရဲ့အစ်ကို ၂ ယောက်ဖြစ်တဲ့ အောင်ကျော်ဟိန်းနဲ့ သန့်ဇော်လှိုင်တို့ဟာလည်း ပန်းချီဆရာတွေ ဖြစ်ကြတာကြောင့် ပန်းချီမျိုးရိုး ရှိသူပါပဲ။

ဖခင်ဖြစ်သူက ပန်းချီဆရာ ဖြစ်တာကြောင့် သူဟာ ငယ်စဉ်ကတည်းက ပန်းချီ ဖန်တီးရေးဆွဲခြင်းနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ ပါတယ်။ ပြီးတော့ သူ့ရဲ့ အစ်ကို ၂ ယောက်ကလည်း ပန်းချီဆရာတွေ ဖြစ်တာကြောင့် ပန်းချီ ဖန်တီးရေးဆွဲလိုစိတ်နဲ့ ပန်းချီကို ချစ်မြတ်နိုးစိတ်က သူ့စိတ်ထဲ အခိုင်အမာ ရှိနေခဲ့တာ လို့ ဆိုနိုင်ပါတယ်။

ပန်းချီအောင်ထူးဟာ ၂၀၀၃ ကနေ ၂၀၀၆ ခုနှစ်အထိ ရန်ကုန် ပန်းချီပန်းပုကျောင်းကို တက်ရောက်ပြီး ပန်းချီပညာ သင်ယူခဲ့ပါတယ်။ သူ့ရဲ့ ဆရာတွေကတော့ ပန်းချီဆရာ ကျော်သူရိန်၊ ပန်းချီ ဦးမောင်ဦး၊ ပန်းချီ ဦးဝင်းတင့်၊ ပန်းချီ ဆရာ ဦးသန်းကြွယ်၊ ပန်းချီဆရာ ဦးကျော်သန်းတို့ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ သင်္ချာဘာသာ အလွတ်သင် ဆရာမ မသင်းအိဝေနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဇနီးသည်ကလည်း ပန်းချီပန်းပု ညကျောင်း တက်ရောက်ခဲ့သူ ပန်းချီဆရာမ တဦးပါ။ အိမ်ထောင်ကျပြီးနောက် ပန်းချီအောင်ထူးဟာ အချိန်ပြည့် ပန်းချီဆရာအဖြစ် ရပ်တည်လုပ်ကိုင်လျက် ရှိပါတယ်။

ပန်းချီအောင်ထူးက ပန်းချီအနုပညာအပေါ် သူ့ရဲ့ ယုံကြည်ချက်နဲ့ ပတ်သက်ပြီး “ကျနော်က Brushstroke တွေကို ကြိုက်တယ်။ ဒါပေမယ့် ကျနော် မရေးတတ်ဘူး။ စုတ်တံသေးသေးနဲ့ အနုစိတ်ပဲ ရေးတတ်တယ်။ ဆက်လက်ပြီး စိတ်ထဲ ရှိတာလေးတွေ၊ တခုခု ခံစားစေချင်တာလေးတွေ ဖန်တီးနေဦးမှာပါ။ ကျနော့် အနေနဲ့ အောင်မြင်တဲ့ ပန်းချီ ဆရာ ဖြစ်ဖို့ ကြည်လင်တဲ့စိတ်နဲ့ ပန်းချီရေးမှသာ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ ။

The post ပန်းချီအောင်ထူး ရဲ့ ထွင်းဖောက်ကြည်လင် စိတ်အမြင် ပန်းချီများ (Art) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ