“Fast and Furious” ရုပ်ရှင်ရဲ့ သီးခြားခွဲထွက်ရုပ်ရှင်”Hobbs and Shaw” ရဲ့ ရိုက်ကူးရေး စတင်နေပြီ ဖြစ်ပါတယ်။ ထုတ်လုပ်ရေးရဲ့ ပထမဆုံးနေ့ အမှတ်တရအနေနဲ့ မင်းသား Dwayne “The Rock” Johnson က စက်တင်ဘာလ ၁ဝ ရက်နေ့မှာ ရိုက်ကွင်းပေါ်က ပထမဆုံး ဓာတ်ပုံကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။
မင်းသား Johnson နဲ့အတူ ပူးတွဲပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Jason Statham နဲ့ ဒါရိုက်တာ David Leitch တို့ ဖန်စီကားတစီးရဲ့ အရှေ့မှာ စကားလက်ဆုံကျနေတဲ့ အဖြူ၊ အမည်း ဓာတ်ပုံ တပုံကိုလည်း တင်ခဲ့ပါသေးတယ်။
အဲဒီရုပ်ရှင်မှာ ဇာတ်ကောင် Deckard Shaw အဖြစ် ပြန်လည်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Statham က အဆောက်အဦတခုလို့ ယူဆရတဲ့အရာကို နောက်ခံထားပြီး အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပါတယ်။
ရိုက်ကွင်းကို ရောက်မလာသေးတဲ့ မင်းသား Johnson က “ ပထမဆုံးနေ့မှာ အဆင့်ဆင့် ပြောင်းလဲမှုတွေက တရားဝင်စတင်ခဲ့ပါပြီ။ အကြာကြီးစောင့်နေခဲ့ရတဲ့ Fast & Furious ခွဲထွက်ရုပ်ရှင် “Hobbs and Shaw” ကို ထုတ်လုပ်နေပါပြီ။ ကျနော့်ရဲ့ တွဲဖက်ကတော့ အကြမ်းအရမ်းနဲ့ ပျော်ဖို့ကောင်းတဲ့ Jason Statham ပဲ ဖြစ်ပါတယ်”
“ဒါရိုက်တာကတော့ Deadpool 2 ရုပ်ရှင်ဒါရိုက်တာ David Leitch ဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖွယ် နောက်ဆက်တွဲရုပ်ရှင်ကို အသက်သွင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ နည်းလမ်းအသစ်နဲ့ တွေ့ရမှာပါ” လို့ ပုံမှာ စာရေးသားထားပါတယ်။ ဒါ့အပြင် မင်းသားဟာ ရုပ်ရှင်မှာ အလုပ်အတူတူ တွဲဖက်လုပ်ကိုင်နေတဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကိုလည်း ထောက်ခံပြောကြားခဲ့ပါတယ်။
မင်းသား The Rock ဟာ Disneyland ထဲက ဆာဖာရီ အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ “Jungle Cruise” ရုပ်ရှင်ကို ရိုက်ကူးဖို့ ဟာဝိုင်အီကို အခုရောက်ရှိနေပါတယ်။ ဒါရိုက်တာ Jaume Collet-Serra ရိုက်ကူးမယ့် အဲဒီစွန့်စားခန်း ရုပ်ရှင်မှာတော့ မင်းသမီး Emily Blunt နဲ့အတူ ပါဝင်မှာ ဖြစ်ပါတယ်။
“Hobbs and Shaw” ရုပ်ရှင်ကတော့ မင်းသား Statham ရဲ့ ရာဇဝတ်မှုအထူးကျွမ်းကျင်သူ Shawနဲ့ မင်းသား The Rock ရဲ့ အမေရိကန် သံတမန်လုံခြုံရေးအေးဂျင့် Luke Hobbs တို့ရဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပဉ္စမမြောက် “Fast and Furious” ရုပ်ရှင်ဖြစ်တဲ့ “Fast Five” မှာ စတင်ပါဝင်ခဲ့ပြီး မင်းသား Statham ရဲ့ ဇာတ်ကောင်ကိုတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သတ္တမမြောက် ရုပ်ရှင် “Furious 7” မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
အဲဒီရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားပါတယ်။ မင်းသမီးကြီး Helen Mirren က Shaw ရဲက မိခင် Magdalene အဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသား Idris Elba က ဗီလိန်အဖြစ် ပါဝင်မှာဖြစ်တယ်လို့ မင်းသား The Rock က အတည်ပြုထားပါတယ်။
Ref: aceshowbiz
The post ကမ္ဘာကျော် အက်ရှင်မင်းသားနှစ်ဦးရဲ့ “Hobbs and Shaw” ရုပ်ရှင် ရိုက်ကူးရေး စတင်နေပြီ appeared first on ဧရာဝတီ.