ကိုအောင်ဝေး ဖန်သားမျှင် ကော်နက်ရှင် ဓာတ်လိုင်းမှာတော့ ဆုံဖြစ်သား။ ဒါပေမယ့် ပြောချင်တာတွေ ပြောကြဖို့တော့ အချိန်က အကန့်အသတ်နဲ့။ မြန်မာပြည် အင်တာနက်က ခင်ဗျားသိတဲ့ အတိုင်း လိုတမျိုး မလိုတမျိုး။ ကျနော်တို့ချင်း ဆိုရင်တော့ WR-1,2,3 ပေါ့။ စောဝေ၊ အောင်ဝေး၊ ဇော်သက်ထွေး၊ အဖြူရောင်သက်တံ ၁၊ ၂၊ ၃ ပေါ့။
ဒီကုတ်က ထောင်ကျသွားတော့ ဇော်သက်ထွေးနဲ့ ဆက်သွယ်တဲ့အခါအလုပ်ဖြစ်သား။ ထားပါတော့ ပြောလိုရင်း က ဒီနေ့ တိုင်းပြည်ရဲ့ခေတ်ကို ထင်ဟပ်ပြီး ဖြစ်ပျက်နေတာတွေ၊ ဖြစ်ပျက်ခဲ့တာတွေ လွတ်လပ်စွာ ရေးသားခွင့်နဲ့ အများ သိစေမယ် ပေါ့။
၂၀၁၃ ခုနှစ် ဆောင်းက အေးလည်းအေးတယ်။ ဆောင်းကာလလည်း ရှည်တယ်ဗျ။ မအေးရတာ ကြာပြီဖြစ်တဲ့ ကိုယ်လေးနဲ့ မန္တလေးကို အခေါက်ခေါက် ရောက်ဖြစ်တယ် ဗျာ။ ကိုစန်းဦးရဲ့ စိတ်ကူးချိုချို စာအုပ်တိုက်ခွဲ ဖွင့်ပွဲ၊ မန္တလေး အာဇာနည် ၁၇ ဦး စိန်ရတု ရန်ပုံငွေရှာဖို့ ကဗျာရွတ်ပွဲ ရောက်တိုင်း မန္တလေးဟာ ဟာနေသလိုပဲ။ ရင်ထဲက ခံစားမှုကို ပြောတာပါ။
မြို့ကတော့ တရုတ်တွေ အပြည့်နဲ့ ကျပ်လို့၊ ကဗျာထဲမှာ “အီကြာကွေးနဲ့ ခြံစည်းရိုးခတ်လို့ မန္တလေး” လို့ ရေးတဲ့ အခါ မန်းသားမန်းသူများက မကြိုက်ကြဘူး။ တကယ်တော့ တရုတ်တိုင်းပြည် လို့တောင် ထင်ရတယ်ဗျာ။ စစ်တိုင်းမှူးတွေ ရဲ့ ကိုယ်ကျိုးစီးပွား အတွက် ခြံစည်းရိုးပေါက်လို ဖြဲပြီး လူမှောင်ခို သွင်းမှုတွေ ပေါ့။
အာဏာပိုင်နဲ့ တာဝန်ရှိတဲ့လူ ဆိုတာကလည်း မြန်မာပြည်မှာတော့ စစ်ဗိုလ်ထွက်နဲ့ စစ်ဗိုလ်တွေချည်းပဲ မဟုတ်လား။ သူတို့ကို လာဘ်ထိုး ငွေပေးပြီး ဝင်လာ၊ မှတ်ပုံတင်တောင် ရနေကြသေး။ ပြီးတော့ ဘယ်က ဘယ်လို ရလာမှန်း မသိတဲ့ ငွေတွေနဲ့ မန္တလေးမြို့ရိုး ဘေးပတ်လည်နဲ့ မြို့လယ်ကောင်တွေမှာ ပြောတဲ့ ဈေးနဲ့ ဝယ်၊ အိမ်တွေဆောက်၊ ဟိုတယ်တွေ၊ အင်းတွေ ဆောက်၊ တရုတ်စာ ဆိုင်းဘုတ်တွေနဲ့ အဆင်ပြေရင် ပြေသလို အားလုံးရသည် ဆိုတာတွေ ဖြစ်ကုန်ရော၊ မကောင်းတာတွေပေါ့။ မဖမ်းဘူးလား ဆိုတော့ ဖမ်းပါတယ်။ ဖမ်းတော့ ပျောက်သွားသလား ဆိုတော့ မပျောက်ဘူး၊ နေရာရွေ့သွားတာပဲ။ စစ်အစိုးရကနေ ခုချိန်ထိ။
မြို့ထဲ ဆွမ်းခံကြွတဲ့ ကိုရင်ကို အပြန်ကျောင်းက သပိတ်ဖွင့်ကြည့်လိုက်၊ သပိတ်အပြည့် အီကြာကွေးတွေ၊ ဗမာဆွမ်း မတွေ့ရတော့ဘူး။ အာဏာပိုင်တွေကို ရေလောင်းတာကလည်း ဗမာတွေထက် ပိုတော်တယ်ဗျာ။ အရိုးသားဆုံး ဗိုလ်ချုပ် ဆိုတဲ့ လူကိုတောင် တလအတွင်း သူခိုးဖြစ်သွားအောင် လုပ်နိုင်တယ်။ ဒါ တတိုင်းပြည်လုံး အသိ။ ဘယ် ဗိုလ်ချုပ်မှ တရုတ်နဲ့ ကင်းတာ မရှိ။ ဗိုလ်ချုပ်ပြုတ် ဝန်ကြီးတယောက် ကတောင် တိုင်းပြည် သိအောင် ဝန်ခံခဲ့တာလေ။ တရုတ်ကို ကြောက်ရပါတယ် တဲ့။ မခက်ဘူးလား။
ဒီလောက် အဆမတန်ဈေးတွေနဲ့ မြေတွေဝယ် နေတာ ပိုက်ဆံဘယ်က ရခဲ့သလဲ။ တရုတ်ကွန်မြူနစ် ပါတီဆိုတာ လာဘ်စားတယ်၊ ခိုးတယ်၊ မတရားလုပ်တယ် ဆိုရင် ပါတီ ဗဟိုကော်မတီဝင် တွေတောင် သေဒဏ်ပေးတာ။ ဒီတရုတ်တွေ ဗမာပြည်ထဲကို ဘယ်ကရတဲ့ ပိုက်ဆံတွေနဲ့ ဝင်လာတာလဲ။ အားလုံး စဉ်းစားပြီး ဟန့်တားရမယ်။ ကာကွယ်ရမယ် လို့ မြင်တယ်။
ကိုယ့် ဗမာဆွေမျိုးတွေ အကြောင်းကိုလည်း ပြောရဦးမယ်။ သူတို့မယ် တသက်လုံး တဆွေတမျိုးလုံး ရှာတောင် မရနိုင်တဲ့ ပိုက်ဆံရတော့ မြို့ထဲကဝိုင်းတွေ ရောင်းပြီး မြို့ပြင်ထွက်ကြတာ ပေါ့။ ကားလေးဝယ်၊ ဆိုင်ကယ်လေး ဝယ်စီးကြ။ ဗမာတွေဆိုတော့ နေနိုင်ကြသား။ လူမျိုလို့ လူမျိုးပြုတ်ရတော့မယ့် အဖြစ်။
ဒုဗိုလ်ချုပ်ကြီးတယောက်ရဲ့ သားဆို အဲဒီ ခိုးဝင်လာတဲ့ တရုတ်မ တယောက်ကိုတောင် ယူထားသေး။ ခင်ဗျားတို့လို စစ်အစိုးရက နှိက်စက်လို့ ပြေးတဲ့ ဗမာနဲ့၊ စစ်အစိုးရ စီမံခန့်ခွဲမှု ညံ့လို့ ပိုက်ဆံတန်ဖိုး မရှိဖြစ်ပြီး နိုင်ငံခြား ကျွန်ခံနေကြ ရတဲ့ ဗမာတွေနဲ့၊ တရုတ်ပိုက်ဆံယူပြီး ခိုးသွင်းနေပုံမျိုးနဲ့ ဗမာပျောက်တော့မယ့် နိုင်ငံ ဖြစ်တော့မယ်။ အဲဒါ အခု ဗမာမင်း ထီးနန်း စိုက်ခဲ့တဲ့ မန္တလေးပဲ။
ကျနော့်ရဲ့ မန္တလေးရောက်တိုင်း ရင်ဘတ်ဟာ `ဟာ´ နေသလိုပဲ ဆိုတာ ဆက်ပါ့မယ်။ ကျနော်တို့ မန္တလေး ရောက်တိုင်း မဖြစ်မနေ ဦးခိုက်ပူဇော်ရတာက သက်ရှိကြယ်စင် စာပေမိခင် လူထုအမေမာ။ အခု မရှိတော့ဘူး။ ကျနော်က ထောင်ကျ၊ ခင်ဗျားက USA ကို ထွက်ပြေး။ အဲဒီကာလမှာ ကျနော်တို့ရဲ့ ကြယ်စင်တွေ ကြွေတယ် ဗျာ။ လူထုဒေါ်အမာ၊ ကြည်ဦး၊ ကြည်အောင်၊ ဝသုန် စသဖြင့် ပေါ့။ ကျနော်တို့ မြန်မာကဗျာရဲ့ လက်ဝဲလက်ယာရံ ဖြစ်တဲ့ ကြည်အောင်နဲ့ ကိုလေး အင်းဝဂုဏ်ရည် ဗျာ။ အခုတော့ ဆရာကိုလေးပဲ ရှိတော့တယ် လေ။
ဆရာကြည်အောင်ကို နောက်ဆုံး ဂါရဝပြုခွင့် ရတာကတော့ ၂၀ဝ၆ ခုကဗျာ။ ခေတ်စကားနဲ့ ပြောရရင် ကဗျာ မင်းနှစ်ပါးကို ဂါမယ်ပေါ့ ဗျာ။ ကျနော် ကိုညို (ညီပုလေး)၊ မောင်နွေထက်၊ မောင်နီဦး၊ ဇော်ခိုင်ဦးတို့ အင်းဝကို သွားကြတာပေါ့။ ဆရာ ကိုလေးက ဆိုင်ကယ်တစီးနဲ့ ရွေ့နေတယ် ဆိုတာနဲ့ ဆရာကြည်အောင်အိမ်ကို သွားကြ တာပေါ့။ စွဲမက်စရာ အဟောင်းရနံ့နဲ့ သစ်ပင်တွေ လမ်းတဖက်စီမှာ အုပ်ဆိုင်းလို့ အင်းဝဟာ ပြည့်စုံနေတဲ့ နေ့လေး တနေ့ပေါ့။
အိမ်ပုလေးရှေ့ ကွပ်ပျစ်မှာ ကွမ်းအစ် အကြမ်းအိုးနဲ့၊ မန်ကျည်းပင်ကြီးပေါ်က ဆင်းလာပြီး ဆရာ့ စားပွဲမှာ ဆရာနဲ့ အတူ မုန့်စားနေတဲ့ ရှဥ့်ကလေးတွေ။ ဆရာက ပြုံးပြလို့ “ဟာ ဗိုလ်ညို စောဝေကြီးလည်း ပါတာကိုး” ဆိုပြီး စကားဦးနဲ့ ကြိုပါတယ်။ အဲဒီအချိန်ဟာ ကြည်အောင်နဲ့ ကိုလေးအင်းဝဂုဏ်ရည်ကို စာပေစိစစ်ရေးက ဆင်ဆာပိတ်ထားတဲ့ အချိန်ပါ။ ဆရာနှစ်ပါးကလည်း နာမည်ဝှက်နဲ့ကို မရေးဘူး။ ဆရာ့အတွက် ပါလာတဲ့ မုန့်တွေ ကန်တော့စရာတွေချပြီး ကန်တော့ကြ။ ကန်တော့ပြီးတာနဲ့ ဆရာက ကျနော်တို့အားလုံးကို သူငယ်ချင်း တွေလိုပဲ ဆက်ဆံတော့တာ။
“ဟေ့ကောင် စောဝေ၊ မင်းက အာရင်ဘတ်ကြိုက်၊ ငါအော်ရီဂျင်နယ်ရှိတယ်။ မင်းကို ဖတ်ပြမယ်” ဆိုပြီး သူ့စာအုပ်စင် ဝါကြန့်နေတဲ့ အီလျှာ အာရင်ဘတ်ရဲ့ စာအုပ်ကြီးထုတ်ပြီး သူကြိုက်တဲ့ အပိုဒ်ကို ဖတ်ပြတယ်။ ပြီးတော့ “ဗိုလ်မြ (ဆရာမြသန်းတင့်) ကွာ အဲဒါကို ပြန်တာ ငါ့ကို လန့်သွားရော၊ သူမို့ကွာ အလန့်တကြား အလှဆိုတာ အဲဒါကွ။ ဗိုလ်မြက ကဗျာဓာတ်သား အပြည့်နဲ့သူ ကွ။ ဒါကြောင့် မင်းတို့၊ လူများ၊ သက္ကရာဇ်များ၊ ဘဝကို ဒါကြောင့် ကြိုက်တာ” ရေးဖော်သူငယ်ချင်း စာရေးဆရာ မြသန်းတင့်ကို ဂုဏ်ပြုနေတာ ကြည့်ရတာ ကျက်သရေ ရှိလိုက်ပါဘိ။ အခုတော့ စိတ်ကူးချိုချိုက စာအုပ်အဖြစ် လေးတွဲ ထွက်ရှိခဲ့ပါပြီ။
ဆရာ့ကိုခေါ်၊ ဆရာ ဦးကိုလေး ရှိရာသွားပြီး လက်ဖက်ရည် သောက်ကြတော့၊ ဆရာနှစ်ယောက်က ကျနော်တို့ ကဗျာဆရာလေး တသိုက်ကို ရတု၊ ရကန်၊ အဲ၊ ပျို့၊ တျာချင်း၊ ငိုချင်း၊ တောလား၊ တေးထပ်၊ ဘုံမာ၊ ဘောလယ်၊ အင်းလေးတိုက်တေး စတာတွေကို ခွဲခြားတတ်အောင် တယောက်တလှည့် ရွတ်ပြ၊ ဆရာကိုလေးက လိုအပ်ရင် ပါးစပ်နဲ့ တီးလုံးပါအသံ ထွက်ပေးတာလည်း အမှတ်တရပေါ့။
အဲဒီလို ရွတ် နိုင်ဖတ်နိုင်၊ ကဗျာကို ရှေ့မီနောက်မီ ခေတ်ပေါ် ကဗျာထိ ကြိုက်တတ်တဲ့ ဆရာကြည်အောင် မရှိရှာ တော့။ ဒီလိုဆရာကလည်း ကျနော်တို့ဘက်က ဒီမိုကရေစီဘက် ကဗျာဆရာ ဆိုလို့ ကြည်အောင်၊ ကိုလေး၊ မောင်စွမ်းရည်၊ နန်းညွန့်ဆွေ၊ မုံရွာအောင်ရှင်၊ အဲဒီအချိန်က ဒါပဲရှိတာကိုး။ အခုတော့ သေမင်းက နှစ်ယောက် နုတ်သွားခဲ့ပြီ။
ဆရာကြည် အောင်ရဲ့ ခေတ်ပေါ်ကဗျာဆရာတွေ အပေါ် ပြောခဲ့တဲ့စကားလေး နားထောင်ကြည့် “ကဗျာဆရာ ဆိုတာ ဉာဏ်ကြီးရှင်တွေလို့ ကမ္ဘာကြီးက သတ်မှတ်တာကွ။ အသက်တိုရင် ဉာဏ်နည်းရာကျတယ်။ အသက်ရှည်အောင် စောင့်ရှောက်။ ကဗျာဆရာ ဆိုတာ သေခါနီးထိ တိုက်ပွဲဝင်နိုင်တဲ့ သူရဲကောင်း” တဲ့။ ဒီမိုကရေစီခေတ်လို့ ပြောနေတဲ့ ခုချိန်မှာ ဆရာ့ကို လွမ်းမိပါတယ် ဆရာကြည်အောင်။
ကိုအောင်ဝေးရေ ဒီနေ့ မန္တလေးကို ကျနော် မြင်တဲ့ကဗျာလေး လက်ဆောင်ပေါ့။
မန္တလေး
မြူနှင်း နှင်းကြား နေကြား
အမြဲလှနေတဲ့ မန္တလေး
သခင်ဗဟိန်း၊ လူထုဦးလှ၊ လူထုဒေါ်အမာ
ပေါ်ဦးသက်၊ ကြည်အောင်၊ အဉ္ဇလီမောင်မောင်၊ ခင်မောင်တိုး
လွမ်းလောက်စရာ လူတွေများတော့
အလွမ်းတွေဖုံးထားတဲ့ မန္တလေး
တောင်ပေါ်ကကြည့်တော့ ရင်သပ်ရှုမော
တောင်အောက်က ကြည့်တော့ ခံ့ညား
ဒီမြို့ရှိလို့ တို့ပြည်ရှိ
ဒီမြို့ရှိလို့ တို့ပြည်လှ
စက်ဘီးနေရာမှာ ဆိုင်ကယ်အစားထိုး
မြို့ရိုးပတ်လည်မှာ အဖြူတွေအစားထိုး
ဘုရားကျောင်းကန်
ခေါင်းလောင်းသံဝေစည်တဲ့ မန္တလေး
မန္တလေးဟာ
အနုပညာမှာ သူ့ကိုကျော်လို့မရဘူး
မန္တလေးဟာ
သူရသတ္တိမှာ သူ့ကိုကျော်လို့မရဘူး
မန္တလေးဟာ
အမှန်တရားမှာ သူ့ကိုကျော်လို့မရဘူး
မန္တလေးဟာ
သူ့ကိုလုပ်စားသွားတဲ့ အုပ်ချုပ်သူတွေကိုတော့
သူမကျော်နိုင်ဘူး။
ခမ်းနားတယ် မြို့ရိုးပြအိုး၊ တောင်တော
ခမ်းနားတယ် ခေတ်ယဉ်ကျေးမှု
ခမ်းနားတဲ့ မန္တလေးကို စစ်အစိုးရက
စိနတွေနဲ့ပေါင်းလို့ အီကြာကွေးတွေနဲ့ ခြံစည်းရိုးခတ်
စီးပွားရေးဂွင်(ခွင်)ဆင်တာလည်း တရုတ်တွေကြောင့်
ငါတို့လူမျိုးတွေ မြို့ပြင်စဉ်ကျ
အနောက်တံခါးချည်း အာရုံစိုက်မနေနဲ့
အရှေ့တံခါးက ကျွံလာတဲ့ အဖြူတွေကြောင့်
မန္တလေးရဲ့ဂုဏ် ပျက်ရမယ်
ကျနော် ကျနော်နဲ့ပြောတဲ့
မန္တလေးသူချောတွေ ပျောက်ဆုံး
ဝတို့ ဝတို့လို့ပြောတဲ့ တရုတ်မလေးတွေဖုံး
ရဲရဲပြုံးနိုင်ပါ့မလား မန္တလေး။
ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့
ရွာဖြစ်သွားတဲ့ ကမ္ဘာခေတ်မှာ
ဧည့်သည်အိမ်ရှင် အိမ်ရှင်ဧည့်သည်
မတူကွဲပြားမရှိ
အားလုံးနိုင်ငံသားစိတ်နဲ့
သနပ်ခါးပါးကွပ်လည်း ကွက်မယ်
စတော့ကင် ဂါဝန်လည်းဝတ်မယ်
လူမျိုးမရွေး ဘာသာမရွေး
မြို့ကချစ်တယ် မြို့ကိုလည်း ပြန်ချစ်လို့
ကမ္ဘာကြီးက အခြားကမ္ဘာကိုပြဖို့
ယဉ်ကျေးမှု အနုပညာသက်သေဟာ
မန္တလေးပါ …
မန္တလေးဟာ ပထမမင်းနေပြည်တော်က
ဒုတိယမြို့တော်
ဒုတိယမြို့တော်က အာဏာရူးတွေရဲ့ အကွက်ကြောင့်
တတိယမြို့တော်အဖြစ် ရာထူးကျ
ဘယ်တော့မှမကျတဲ့
အမှန်ချစ်စိတ်နဲ့
နယ်လှည့်ပါးရိုက် အချုပ်ထဲထည့်မယ် ဆိုတဲ့
ပြည်သူကို စော်ကားထားတဲ့
ဝန်ကြီးစုတ်ကိုဖြုတ်ချ
အင်းအိုင်တောတောင်တွေ
ဘယ်သူတွေ ဘယ်လိုသိမ်းမလဲ
တထိတ်ထိတ် မန္တလေး
ရင်ထိတ်မနေပါနဲ့ မန္တလေး
အလှမ်းမဝေးတဲ့ ၂၀၁၅ မှာ
ချစ်တဲ့သူသာ ရွေးမယ်ဆိုတဲ့ မန္တလေး
မချစ်တဲ့သူကို မောင်းထုတ်မယ့် မန္တလေး
မန္တလေး အနုပညာ မန္တလေး
မန္တလေး အသိပညာ မန္တလေး
မန္တလေး အာဇာနည်တွေထွက်တဲ့ မန္တလေး
မန္တလေး အားလုံးချစ်တဲ့ မန္တလေး။ ။
The post မစ်ရှီဂန် USA သို့ မန္တလေးက ပေးစာ appeared first on ဧရာဝတီ.