Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖခင်ရဲ့ဆန္ဒကြောင့် သရုပ်ဆောင်ဖြစ်လာခဲ့သူ ယဉ်လက်

$
0
0

အက်ရှင်ဇာတ်ကားများရိုက်ကူးပြီး နာမည်ရလာတဲ့ သရုပ်ဆောင်ယဉ်လက်က ဒီလို အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိလာတာ ဖခင်ဖြစ်သူရဲ့ ဆန္ဒကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“အမှန်အတိုင်း ပြောရရင် ဒီလမ်းကြောင်းပေါ်ကို ရောက်လာတာ၊ ဒီလောကထဲကို ရောက်လာခဲ့တယ် ဆိုတာ ဖေဖေ့ရဲ့ဆန္ဒကြောင့်ပါ။ မိဘတွေဖြစ်စေချင်တဲ့ အလုပ်ကို ကျမလုပ်ခဲ့တာပါ။ အဲဒီအတွက် ဖေဖေ လေ့ကျင့်ပေးတာတွေကိုလုပ်ပြီး ဒီလောကထဲကို ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ အဲဒီ အပေါ်မှာ ကျမကို ပံ့ပိုးပေးမယ့် ကျေးဇူးရှင်တွေ၊ ထုတ်လုပ်သူတွေနဲ့ တွေ့ဆုံခွင့်ရပြီး ဒီအလုပ်ကို ဆက်လုပ်ခွင့် ရနေတာပါ” လို့ ယဉ်လက်က ဆိုပါတယ်။

“ဆိုတော့ ကျမကိုမေးရင် ကျမကတော့ ကြိုးစားနေတဲ့သူဖြစ်လို့ ကြိုးစားခွင့်တော့ ရချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမ ဒီအလုပ်ကို လုပ်ရတဲ့ ပထမဆုံး ရည်ရွယ်ချက်သည် မိဘ စိတ်ချမ်းသာဖို့၊ ဒီအလုပ်နဲ့ မိဘကို လုပ်ကျွေးချင်တာ။ ဒီအလုပ်ကို ဆက်လုပ်ပြီး ပိုက်ဆံတွေ ရနေချင်ပါတယ်။ ဒီပညာနဲ့ မိဘကို စောင့်ရှောက်နိုင်ခွင့် ရချင်တယ်”လို့ ယဉ်လက်က ဧရာဝတီကို ပြောပါတယ်။

ယဉ်လက်က ရုပ်ရှင်ကားကြီးအနေနဲ့ “တည်ကြက်”ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပြီး ဒီဇာတ်ကား ရိုက်ဖြစ်ခဲ့တာက လူစွမ်းကောင်းထုတ်လုပ်ရေးက ဦးမြင့်ဆွေနဲ့ ဒါရိုက်တာ စတီးလ်တို့ရဲ့ ကမ်းလှမ်းမှုကြောင့်လို့ ဆိုပါတယ်။

“ဒီကားရဲ့ ပုံစံကိုက တောတွင်း Adventure ပုံစံမျိုး ဆိုတော့လေ ပုံမှန်ပိတ်ကားပေါ်မှာ တွေ့ရခဲတဲ့ ရသမျိုးကိုပေးနိုင်မှာပါ။ ထူးခြားပါတယ်။ ကျမရဲ့ကာရိုက်တာကိုဆိုရင် ကားမရိုက်ခင်ကတည်းက ဒါရိုက်တာက သူလိုချင်တဲ့ ပုံစံမျိုးကို ပြောပြထားတယ်။ သူလိုချင်တဲ့ ပုံစံမျိုး မဖြစ် ဖြစ်အောင် သင်ပေးတယ်။ ကျမဘက်ကလည်း ကြိုးစားရတယ်”

“ဒါရိုက်တာညွှန်ကြားမှု ကောင်းတဲ့အတွက် ပရိသတ် စိတ်ဝင်စားစရာ ဒီဇိုင်းမျိုး ထွက်လာတာပါ။ ဒီဇာတ်ကားထဲမှာ ကျမက ယောကျာ်းဆန်တယ်။ lesbian ပုံစံမျိုး တူတူပါဝင်တဲ့ မရွှေသမီးကို အရမ်း ဂရုစိုက်ပြီး လုပ်ပေးတာပေါ့နော်။ ဖိုက်တာပုံစံ မျိုးပါ။ ကာရိုက်တာ နည်းနည်းဆန်းပါတယ်။ ပြီးတော့ အဲဒီ အထဲမှာပါတဲ့ အိုင်ဒီယာတွေ၊ မရွှေသမီးကို ခေါ်တဲ့ စကားအသုံးအနှုန်းတွေကအစ နည်းနည်းလေး ယောကျာ်းဆန်ရတယ်”လို့ ယဉ်လက်က ဆိုပါတယ်။

 

သရုပ်ဆောင် ယဉ်လက်

 

အခုနောက်ပိုင်း ပွင့်လင်းလာတဲ့ ခေတ်မှာ လိင်တူချစ်သူတွေရဲ့ အချစ်ရေးကို လူတွေ ပိုမို စိတ်ဝင်စားလာကြပြီး အဲဒီအပေါ်အမြင်ကိုလည်း ယဉ်လက်က အခုလိုဆိုပါတယ်။

“ယှဉ်တွဲလာတဲ့ အားလုံးက လူသားတွေပဲ။ ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာတရားတွေသာ ပုံစံကွဲသွားမယ်။ ချစ်ခြင်းမေတ္တာဆိုတာ လူအချင်းချင်းမှာပဲ ဖြစ်တာ။ မိန်းမ၊ ယောကျ်ားဆိုပြီး ချစ်တာမဟုတ်ဘူးလို့ပဲ ကျမက မြင်ပါတယ်။ တခါတလေမှာ မိန်းကလေး အချင်းချင်း အတူတူစား၊ အတူတူသွားကြရင်းနဲ့ပဲ သံယောဇဉ်တွေ တွယ်ပြီး ညီအစ်မလို သူငယ်ချင်းလို ချစ်ကြတာတွေလည်း ရှိပါတယ်”

“ငယ်ငယ်ကဆိုရင် ဖြစ်ဖူးပါတယ်။ သူငယ်ချင်း ကျောင်းမသွားရင် ကိုယ်လည်း မသွားတော့ဘူးဆိုပြီး ဖြစ်ဖူးတယ် မဟုတ်လား၊ အဲဒီလို ချစ်ခြင်း မေတ္တာတရားတွေက Gender နဲ့ မဆိုင်ပါဘူး။ ကျမကတော့ အဲဒီလိုပဲ မြင်ပါတယ်”လို့ ယဉ်လက်က ဆိုပါတယ်။

ငယ်စဉ်ကတည်းက ပန်းချီ ဝါသနာပါတဲ့ ယဉ်လက်က စိတ်ထွက်ပေါက်အနေနဲ့လည်း ပန်းချီတွေ ဆွဲတာကို ပြုလုပ်လေ့ရှိပြီး ပန်းချီကို ရှူတင်နားတဲ့အချိန်မှာ ဆွဲလေ့ရှိတယ်လု့ိ ဆိုပါတယ်။ ပန်းချီဆွဲရတာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တာ ဖြစ်ပြီး တနေကုန် မစားမသောက်ဘဲ ပန်းချီဆွဲခဲ့တယ်လို့ ဆိုပါတယ်။

“ကျောင်းတက်တော့လည်း ကျောင်းက ပြိုင်ပွဲတွေမှာ ရောင်စုံခဲတံနဲ့စာရွက်ပေါ်မှာဆွဲပြီး ဝင်ပြိုင်ခဲ့တာ ပေါ့နော်။ ကိုယ့်ကျောင်းမှာတော့ ကိုယ်ကဗိုလ်ပဲလေ။ မြို့နယ်အဆင့်ပြိုင်ပွဲတွေကို ရောက်တော့မှ ပိတ်စတွေ၊ စုတ်တံတွေ၊ ဆေးခွက်တွေနဲ့ ဆွဲနေကြတာကို မြင်ပြီးသူတို့လို ဆွဲတတ်ချင်တဲ့ စိတ်တွေ ပေါက်လာတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ပဲတတ်ရလို့ ရှက်တာရော ၊ သိမ်ငယ်တာရော၊ လုပ်ပြချင်တာရော။ အဲဒီစိတ်တွေနဲ့ အိမ်ပြန်ရောက်တော့ ဖေဖေ့ကို ပန်းချီပညာကို သင်ပေးဖို့ ပူဆာခဲ့တယ်” လို့ ယဉ်လက်က ပြောပါတယ်။

ငယ်စဉ်ဘဝတုန်းက ပန်းချီပြိုင်ပွဲကို မြန်မာတနိုင်ငံလုံး အဆင့်အနေနဲ့ ဝင်ရောင်ယှဉ်ပြိုင်ခဲ့တဲ့ ယဉ်လက်ဟာ ပထမဆု အပါအဝင် တခြားဆုများစွာ ရရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ယဉ်လက် ပါဝင် သရုပ်ဆောင်ထားတဲ့ “တည်ကြက်” ရုပ်ရှင်ဇာတ်ကားကိုတော့ အောက်တိုဘာလ ၅ ရက်နေ့မှာ ရုံတင်ပြမယ်လို့ သိရပါတယ်။

The post ဖခင်ရဲ့ဆန္ဒကြောင့် သရုပ်ဆောင်ဖြစ်လာခဲ့သူ ယဉ်လက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ