မင်းသားကြီး ဂျက်ကီချန်းရဲ့ နှစ်စဉ်ကျင်းပနေကျ ရုပ်ရှင်ပွဲတော်ကိုတော့ ထိပ်တန်းဆုတွေ ပေးအပ်ပြီး Datong မြို့မှာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ ဆယ်စုနှစ် ၄ ခုကျော် ကာလအတွင်း ရုပ်ရှင်ပေါင်း ၂၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တရုတ် ထိပ်တန်းမင်းသား ဂျက်ကီချန်းက သူတည်ထောင်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တွေကို စတန့်ပြကွက်တွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရုပ်ရှင်ပွဲတော် ပိတ်ပွဲအခမ်းအနားမှာတော့ အသက် ၆၄ နှစ် အရွယ် မင်းသား ဂျက်ကီချန်းဟာ မြေပြင်အထက် မီတာ ၇၀ ကျော်မှာ ပျံသန်းနေတဲ့ ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ ဆင်းလာတဲ့ ပြကွက်ကို လည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ ကြပါတယ်။
ယခုပွဲတော်ကို စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ကြိမ်လုံးကို ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်အတွက် ကျင်းပခဲ့တဲ့ ပွဲတော်မှာတော့ တဒါဇင်လောက်ရှိတဲ့ နာမည်ကျော် အက်ရှင်ရုပ်ရှင်တွေကို ပြသခဲ့ပြီး ထူးချွန်သူတွေကို ဂုဏ်ပြုခဲ့ပါတယ်။
Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်အတွက် အနုပညာကြေးအမြင့်ဆုံး နာမည်ကျော်ကြားသူ စာရင်းမှာ နံပါတ် ၅၉ နေရာမှာ ရပ်တည်နေတဲ့ မင်းသားကြီး ဂျက်ကီချန်းအတွက်တော့ ဒီရုပ်ရှင်ပွဲတော်ဟာ ရုပ်ရှင်လုပ်ငန်းထဲက စတန့်ဖျော်ဖြေ သူတွေကို အသိအမှတ်ပြုမှုတခုလည်း ဖြစ်ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းတွေကစလို့ ဟောင်ကောင်မှာ စတန့်သမားတဦးအနေနဲ့ အနုပညာ လုပ်ငန်းကို စတင်ခဲ့တဲ့ မင်းသားကြီးဟာ ကိုယ်ခံသိုင်းပညာ အထူးကျွမ်းကျင်သူတဦးလည်း ဖြစ်ပါတယ်။ အစပိုင်းမှာတော့ အနုပညာကြေး များများစားစား မရှိခဲ့ပေမယ့် ခုန်ချတာ၊ လှိမ့်တာနဲ့ ပြုတ်ကျတာတွေ အပါအဝင် အက်ရှင်ဇာတ်ဝင်ခန်းတွေဟာ အသက်အန္တရာယ် ရှိခဲ့ပါတယ်။
ဟောင်ကောင်ကိုယ်ခံပညာ သိုင်းရုပ်ရှင်တွေကနေ ဟောလိဝုဒ်ရုပ်ရှင်တွေအထိ မင်းသားကြီး ဂျက်ကီချန်းဟာ အထူး အောင်မြင်ခဲ့ပြီး မကြာသေးမီနှစ်များအတွင်းမှာတော့ သူဟာ တရုတ်ပြည်မကြီး ဈေးကွက်ဘက်ကို ဦးလှည့်ခဲ့ပါတယ်။ ဒါမေယ့် အဲဒီလုပ်ငန်းထဲက အများစုကတော့ အလားတူ အောင်မြင်မှု မရရှိခဲ့ပါဘူး။
၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ယီမင်ပြည်တွင်းစစ်အတွင်းမှာ လူပေါင်း ၈၀၀ ကျော်ကို တရုတ်ရေတပ်က ကယ်တင်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အက်ရှင်ရုပ်ရှင်ဖြစ်တဲ့ “Operation Red Sea” ဟာ “အကောင်းဆုံး ရုပ်ရှင်ဆု၊ စတန့်ဆုနဲ့ မင်းသမီးဆု” တို့ကို ရရှိခဲ့ပါတယ်။
“အကောင်းဆုံး မင်းသားဆု”ကို သည်းထိတ်ရင်ဖိုရုပ်ရှင် “Explosion” ထဲက မင်းသား Wu Jing နဲ့ Duan Yihong တို့က ပူးတွဲ ရရှိသွားပါတယ်။ ဒါ့အပြင်မင်းသား Wu ဟာ “Wolf Warriors II” ရုပ်ရှင်အတွက် “အကောင်းဆုံး အက်ရှင် ဒါရိုက်တာဆု” ကိုလည်း ရရှိခဲ့ပြန်ပါတယ်။
“အကောင်းဆုံး မင်းသမီးဆု” ကိုတော့ “Operation Red Sea” ရုပ်ရှင်မင်းသမီး Jiang Luxia ၊ နပန်းသမား တဦးနဲ့ သူ့သမီးတို့ရဲ့ ဖြစ်ရပ်မှန်ဘဝအကြောင်း ရိုက်ကူးထားတဲ့ ဟင်ဒီစကားပြော “Dangal” ရုပ်ရှင်မင်းသမီး Fatima Sana Shaikh တို့က ပူးတွဲ ရရှိသွားပါတယ်။
အဲဒီရုပ်ရှင်ပွဲတော်ကို အနုပညာလုပ်ငန်းရှင်များ၊ ရုပ်ရှင်ကျွမ်းကျင်သူတွေနဲ့ ဝေဖန်သူတွေ တက်ရောက်ခဲ့ပြီး ခေတ်သစ် ကမ္ဘာမှာ နာမည်အကျော်ကြားဆုံး တရုတ်ယဉ်ကျေးမှု တင်ပို့ကုန် များထဲမှာ ပါဝင်တဲ့ တရုတ်အက်ရှင်ရုပ်ရှင်ရဲ့ အနာဂတ်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
Ref: chinadaily
The post “International Jackie Chan Action Movie” ပွဲတော်ကို ကျင်းပခဲ့တဲ့ ဂျက်ကီချန်း appeared first on ဧရာဝတီ.