ဒီတပတ် ရုံတင်လာတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ထူးထူးခြားခြား လူမျိုးနွယ်တစုကြောင်း ပုံဖော်ထားတဲ့ ဟာသ ရုပ်ရှင် “ဘော်ဘော်ကထှော်” ပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားကိုတော့ ဒါရိုက်တာကိုပေါက်က ပုံဖော်ရိုက်ကူးထားပြီး ဇာတ်လမ်း ဇော်မင်း(မ/ဒဂုံ)၊ ဇာတ်ညွှန်း ညီညီဘမောင်က ရေးသားထားတာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကတော့ မြင့်မြတ်၊ ခင်လှိုင်၊ ဂျိုကာ၊ အရိုင်း၊ ညောင်ညောင်၊ ရွှေသမီး၊ ဆုအိမ့်စံ၊ မုဏ်းနှင့် အခြားသရုပ်ဆောင်များက ပါဝင်ထားကြပြီး ဧည့်သည်သရုပ်ဆောင်အဖြစ် ရာဇာနေဝင်းက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ပရော်ဖက်ဆာ ဒေါက်တာတိုက်ဂါး(အရိုင်း)ဟာ သြစတျေးလျနိုင်ငံမှာ သုတေသနများ လုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ တနေ့မှာ “ဘော်ဘော်ကထှော်” ဆိုတဲ့ လူမျိုးစုတစုကို သုတေသန လုပ်ရန် စိတ်ဝင်စားနေခဲ့ပြီး ပရော်ဖက်ဆာကြီးမှာ “ဆောင်းဝေ၊ မိုးစွေ၊ နွေဝါ” ဆိုတဲ့ သမီး ၃ ယောက် ရှိပါတယ်။ အဲဒီ သမီး ၃ ယောက်ကို ပရော်ဖက်ဆာကြီးက သူစိတ်ဝင်စားနေတဲ့ လူမျိုးတစုကိုရှာဖွေဖို့ အနီးစပ်ဆုံးရှိမယ်လို့ ခန့်မှန်းထားတဲ့ ကျွန်းတွေဆီ သွားဖို့ စေခိုင်းလိုက်ပါတယ်။
ကျွန်းတကျွန်းပေါ်မှာ ရွာသားတစု နေထိုင်ကြပြီး သူတို့က တယောက်နဲ့ တယောက် နှုတ်ဆက်ကြတဲ့အခါ ပါးရိုက် နှုတ်ဆက်ကြပြီး ဝတ်စားကြပုံမှာလည်း အမျိုးသားတွေက ပုဆိုးကို တင်ပါးပေါ်အောင် ခါးတောင်း ကျိုက်ထားပြီး အမျိုးသမီးများက ထဘီရင်လျားပုံစံ ဝတ်စားကြတာ ဖြစ်ပါတယ်။

ဘော်ဘော်ကထှော် လူမျိုးစုမှာ မြင့်မြတ်၊ ဂျိုကာနဲ့ ခင်လှိုင်တို့က “ဘော်ဘော်ပိ၊ ဘော်ဘော်ကော်နဲ့ ဘော်ဘော်ကု” လို့ အမည်ရတဲ့ ရွာသားတွေဖြစ်ကြပါတယ်။ “ဘော်ဘော်ကထှော်” ကို လာရှာတဲ့ သမီး ၃ ယောက်နဲ့ ဒီ “ဘော်ဘော်ကထှော်” လူမျိုးစုက ၃ ယောက်တို့ ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာ ဇာတ်ကားမှာ ဆက်လက် ကြည့်ရှုစေချင်ပါတယ်။
ဒီဇာတ်ကားက ခဏတာ ဘဝအမောတွေပြေပြီး ကြည့်ရှုပြီးသူတိုင်းရဲ့ နှုတ်ဖျားမှာ “ဘော်ဘော်ကထှော်ဓ ဇာတ်ကားထဲက ချစ်စရာ စကားပြောလေးတွေ ပြန်ပြောနေဖြစ်ကြမယ်လို့ မြင်မိပါတယ်။ ဟာသအဖြစ် ဒီဇာတ်ကားကို ကြည့်ပြီးရင် မှတ်သားစရာတခုလည်း ရလာမယ်လို့ မြင်မိပါတယ်။
ဒီဇာတ်ကားမှာပါဝင်ကြတဲ့ မြင့်မြတ်နဲ့ ခင်လှိုင်က ခန္ဓာကိုယ်က တက်တူးများကို မပေါ်အောင် တကိုယ်လုံးကို ဆေးခြယ်ပြီး တက်တူးများ ဖုံးကွယ်ကာ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ခင်လှိုင်ရဲ့ ပြောစကားများ၊ ဟန်ပန်အမူအရာများက ပရိသတ်ကို တကားလုံး ရယ်မောနေစေပါလိမ့်မယ်။ ဟာသကား ကြိုက်နှစ်သက်သူများ အနေနဲ့က သွားရောက်ကြည့်ရှုရင် ဘဝအမောပြေစေတဲ့ ကားတကား ဖြစ်စေမှာပါ။
“ဘော်ဘော်ကထှော်” ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင် ၁၃ ရက်နေ့ကစတင်ပြီး မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
The post ဘဝအမောပြေစေမယ့် “ဘော်ဘော်ကထှော်” ရုပ်ရှင်ဇာတ်ကားကြီး appeared first on ဧရာဝတီ.