Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုတော် Fergie ရဲ့ နိုင်ငံတော်သီချင်း သီဆိုဟန်ကို ပရိသတ်များ အမျိုးမျိုး ဝေဖန်လျက်ရှိ

$
0
0

“Fergie” လို့လူသိများတဲ့ အဆိုတော် Stacy Ferguson ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “2018 NBA All-Star” ပြိုင်ပွဲမှာ နိုင်ငံတော်သီချင်းကို ဂုဏ်ယူစွာနဲ့ သီဆိုခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ ဖျော်ဖြေတင်ဆက်မှုကို ပရိသတ် တော်တော်များများက သဘောမတွေ့ခဲ့ကြပါဘူး။

ဂရမ်မီ ၈ ဆုရှင်၊ အသက် ၄၂ နှစ်အရွယ် အဆိုတော် Fergie ဟာ Barenaked Ladies အဖွဲ့ရဲ့ “Oh Canada” သီချင်း ဖျော်ဖြေပြီးတဲ့နောက် ကွင်းလယ်မှာ နေရာယူခဲ့ပါတယ်။ အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားတဲ့ Fergie ဟာ နိုင်ငံတော် သီချင်းကို ဆွေးမြေ့ဖွယ်သီဆိုခဲ့ပါတယ်။

တခါတခါမှာတော့ သူဟာ Note တချို့ကို ရောက်နိုင်ဖို့ တော်တော်ကြိုးစား သီဆိုခဲ့ပေမယ့် အထင်ကြီးလောက်တဲ့ အသံတုန်ခါမှုလေးနဲ့ ဖျော်ဖြေမှုကို အဆုံးသတ်ထားပါတယ်။ သူ့ရဲ့ ဖျော်ဖြေမှု နောက်ဆုံးမှာတော့ “ဘတ်စ်ကတ်ဘော ကစားကြပါစို့”လို့ ပရိသတ်ကို ပြောဆိုပြီး အဆုံးသတ်ခဲ့ပါတယ်။

သူ့ရဲ့ သီဆိုဖျော်ဖြေနေချိန်အတွင်းမှာ တချို့ကစားသမားတွေဟာ ပြုံးရယ်မှုကို မနည်းသည်းခံ ထိန်းချုပ်ထားရတဲ့ပုံ ပေါက်နေတယ်ဆိုတာ ကင်မရာရိုက်ချက် အချို့မှာ မြင်တွေ့ခဲ့ကြရပါတယ်။ Fergie ရဲ့ ဖျော်ဖြေမှု အတွင်းမှာ ဘတ်စ်ကတ် ဘောလုံးသမား တယောက်ဖြစ်တဲ့ Draymond Green ရယ်မောနေတာကို တွေ့ရပါတယ်။ အဲဒီဖျော်ဖြေမှုအပြီး မရှေး မနှောင်းမှာပဲ Fergie ရဲ့ ဖျော်ဖြေမှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ Twitter ပေါ်မှာ ဆူညံပွက်လော ရိုက်လာပါတယ်။

နိုင်ငံတော်သီချင်းကို ဂုဏ်ယူစွာ သီဆိုနေတဲ့ အဆိုတော် Fergie / AFP

ပရိသတ်တချို့က “သူ့ရဲ့ ဖျော်ဖြေမှုဟာ အဆိုးတကာ့ အဆိုးဆုံးပဲ” လို့ ပြောကြပါတယ်။ Twitter အသုံးပြုသူ တဦးဟာ ဆိုရင် “ကျနော် ကြားခဲ့ဖူးတဲ့ အဆိုးဆုံး နိုင်ငံတော်သီချင်း သီဆိုဖျော်ဖြေမှုဖြစ်ပါတယ်။ ခွေးတွေနဲ့ ကြောင်တွေ အဲဒီ သီချင်းကို ကြားပြီး နားဒုက္ခ ရောက်ခဲ့ရတဲ့အတွက် တိရိစ္ဆာန်များအပေါ် လူကျင့်ဝတ်နှင့်အညီ ပြုမူဆက်ဆံသော ပြည်သူများ (PETA) အဖွဲ့က Fergie ဆီ ဆက်သွယ်လာမှာပါ” လို့ ရေးသားခဲ့ပါတယ်။

Twitter အသုံးပြုသူ နောက်ထပ်တဦးကလည်း “Fergie က နိုင်ငံတော်သီချင်းကို ဖျက်ဆီး ချေမွှလိုက်ပါတယ်” လို့ ရေးသားခဲ့ပြန်ပါတယ်။ နောက်ထပ် Twitter အသုံးပြုသူ တဦးကတော့ “Fergie ရဲ့နိုင်ငံတော်သီချင်းကို နားထောင်ခဲ့ ပြီးနောက်” ဟု ဆိုကာ သူ့ရဲ့ နားထဲက သွေးထွက်နေပုံကို ပြသခဲ့ပါတယ်။

အခြားသော ပရိသတ်တဦးကလည်း “ဆောရီးပါပဲ Fergie ၊ ကျနော်က ခင်ဗျားရဲ့ ပရိသတ်ပါ၊ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ဒါတော်တော် ဆိုးပါတယ်။ တကယ့်တော့ အဆိုးဆုံးထဲကတခု ဖြစ်ပါတယ်၊ မုန်းတီးနေတဲ့သူတော့မဟုတ်ပါဘူး အမှန်အတိုင်းပြောရုံပါ” လို့ ရေးသားထားပါတယ်။

ပရိသတ်တချို့ကတော့ Fergie ရဲ့ ဖျော်ဖြေမှုကို ၁၉၆၂ ခုနှစ်မှာ Marilyn Monroe (မာရီလင်မွန်ရိုး) ရဲ့ သမ္မတ John F. Kennedy အတွက် သီဆိုခဲ့တဲ့ “Happy Birthday” သီချင်းနဲ့ နှိုင်းယှဉ်ဖော်ပြနေကြပါတယ်။ Twitter အသုံးပြု တဦးက “ကျနော် ပထမဆုံးထင်တာ ပြောရမယ်ဆိုရင် Fergie က ‘Happy Birthday, Mister President’ သီချင်းကို ဆိုခဲ့တဲ့ Marilyn Monroe ဆီကနေ နိုင်ငံတော်သီချင်းသီဆို ဖျော်ဖြေဖို့ စိတ်အား မွေးခဲ့တဲ့ပုံပါပဲ” လို့ ပြောထားပါတယ်။

အခြားမှတ်ချက် တခုမှာတော့ “ကျနော် နိုင်ငံတော်သီချင်း သီဆိုဖျော်ဖြေမှုကို ရာနဲ့ချီပြီး ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ‘Happy Birthday Mr. President’ သီချင်းနဲ့တူတဲ့ သီချင်းကိုတော့ တခါမှမမြင်ခဲ့ဖူးပါဘူး။ ဂုဏ်ပြုပါတယ် Fergie” လို့ ဖော်ပြ ရေးသားထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဆိုတော် Fergie ရဲ့ နိုင်ငံတော်သီချင်း သီဆိုဟန်ကတော့ ပရိသတ်တွေကြားမှာ ဝေဖန်မှုအမျိုးမျိုးနဲ့ ပြောစမှတ် တွင်သွားတာပါပဲ။

Ref : aceshowbiz

The post အဆိုတော် Fergie ရဲ့ နိုင်ငံတော်သီချင်း သီဆိုဟန်ကို ပရိသတ်များ အမျိုးမျိုး ဝေဖန်လျက်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles